Friday, April 20, 2012

အသက်သွေးကြော ဧရာဝတီ


အချုပ်အခြာအာဏာ

ဘာဖြစ်လို့ သူများအိတ်ထဲက ပိုက်ဆံကို မလိုလောဘစိတ်နဲ့ လိုချင်နေတာလဲ။

ဘာဖြစ်လို့များ သူများအိမ်ထဲက သာယာနေတဲ့မိသားစုရဲ့ ချစ်ကြည်နူးမှုကို ဖြိုခွဲဖို့ ကြံစည်နေတာလဲ။

ဘာဖြစ်လို့ ကိုယ့်အပင်လည်း မဟုတ်။ ကိုယ်ကိုယ်တိုင်လည်း ပြုစုပျိုးထောင် ရေလောင်းပေါင်းသင်မပေးဘဲ ၀င်းမှည့်ရွှန်းစိုတဲ့အသီးဖြစ်လာမှ အားရပါးရ ၀ါးမြိုချင်နေရတာလဲ။

China Power Investment Co.,Ltd ရဲ့ဥက္ကဋ္ဌကို ကျွန်တော့်ရှေ့ကို ထိုင်ခိုင်းပြီး မျက်နှာချင်းဆိုင် ဒေါတကြီး မေးချင်နေခဲ့တဲ့ မေးခွန်းတွေပါ။ မယဉ်ကျေးရင် ခွင့်လွှတ်ပါ။

ကျွန်တော့် မြန်မာပြည်သူတွေက သူတို့နိုင်ငံက မြစ်ဝါမြစ်ကို စိတ်နဲ့တောင် မပစ်မှားမိပါဘူး။ သူတို့နိုင်ငံမှ အထင်ကရ သမိုင်းဝင် မဟာတံတိုင်းကြီးကိုကြည့်ပြီး မြန်မာပြည်သူတွေက လှမ်းကြည့် အားကျနေရုံ၊ အားပေးနေရုံပါပဲ။ကိုယ့်ပစ္စည်းမဟုတ်ဘဲ ဘာမက်မောစရာရှိလဲ။ ကျွန်တော်တို့မှာ အချုပ်အခြာအာဏာ ရှိပြီးသားပါ။

ပြည်ထောင်စု မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ခုနှစ် အခန်း ၁ နိုင်ငံတော်အခြေခံမူများ နိုင်ငံတော်ပုဒ်မ ၅ နိုင်ငံတော်၏ မြေထု၊ ရေထုနှင့် လေထုတို့ပါဝင်သော နယ်နိမိတ်သည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ဖြစ်သည့်နေ့တွင် တည်ရှိသည့်အတိုင်း ဖြစ်သည်။ ပုဒ် မ(၃၇)နိုင်ငံတော်သည် နိုင်ငံတော်ရှိ မြေအားလုံး မြေပေါ်မြေအောက်နှင့် လေထုအတွင်း သယံဇာတပစ္စည်း အားလုံး၏ ပိုင်ရှင်ဖြစ်သည်။

ပုဒ်မ(၁၆)နိုင်ငံတော်၏ အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေး အကြီးအကဲသည် နိုင်ငံတော်သမ္မတ ဖြစ်သည်။ ဆိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ဥပဒေ၊ ပုဒ်မတွေကို ဆက် စပ်လေ့လာကြည့်ရင် ဧရာဝတီမြစ်ကြီးဟာ ''ပုဒ်မ(၅)အရ မြန်မာနိုင်ငံတော်ပိုင် စစ်စစ်ဖြစ်နေတာ ထင်ရှားပါတယ်။ ပုဒ်မ(၁၆)အရ သမ္မတကြီးက မြစ်ကို ကာကွယ်ရပါမယ်။ စောင့် ရှောက်ရပါမယ်။ ထိန်းသိမ်းရပါမယ်။ တာဝန်အရှိဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ ထို့အတူ ''ပုဒ်မ(၃၄၁)နိုင်ငံတော်တွင် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် ဘေးအန္တရာယ် ကျရောက်လာလျှင် တပ်မတော်က ကူညီဆောင်ရွက်ရမည်''လို့ ဖွင့်ဆိုထားပါတယ်။ အကယ်၍ မြစ်ဆုံကြောင့် ပြဿနာ တစ်ခုခု များဖြစ်လာရင် ပြည်သူ့တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံတော်ဘက်မှ ကူညီဖို့အသင့် ရှိနေမှာပါ။ ဒါပူစရာ မလိုပါဘူး။

သမ္မတကြီးရဲ့ဘက်က ဧရာဝတီ ချစ်ကြတဲ့ နိုင်ငံတော်ကို ချစ်ကြတဲ့ မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်တဲ့ ပြည်သူသန်း ၆၀ ရှိပါတယ်။

ဒီမိုကရေစီ ကျင့်စဉ်အရ သမ္မတကြီးဟာ သူ့လုပ်ပိုင်ခွင့် ငါးနှစ်သက်တမ်းအတွင်း မြစ်ဆုံကိစ္စ တာဝန်ယူထားတာ အလွန်သဘာဝကျပါတယ်။ ဒါပေမယ့် ဧရာဝတီမြစ်ကြီးဟာ ကျွန် တော်တို့ထက် အသက်သန်းပေါင်းများစွာ ကြီးပါတယ်။ ကျွန်တော်တို့ သမ္မတကြီးတို့ မမွေးမီကတည်းက တည်ရှိနေတာပါ။ ကျွန်တော်တို့ သေဆုံးပြီး မြန်မာပြည် တည်သရွေ့ ဧရာဝတီမြစ်ကြီးက ဆက်လက် ရှင်သန်နေမှာပါ။ ရှင်သန်အောင် ထိန်းသိမ်းပေး ကြရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်တို့မှာ ဆွေရယ်၊ မျိုးရယ်၊ အသိုင်းအ၀ိုင်းရယ် စတဲ့ သားစဉ်မြေးဆက်တို့ ကျန်ရှိနေဦးမှာပါ။ သူတို့အတွက် ကျွန်တော်တို့ ငဲ့ကွက်ရပါမယ်။ သူတို့အတွက် အမွေကောင်း အဖြစ် ချန်ထားရစ်ရပါမယ်။

ဒါကြောင့် သမ္မတကြီးအနေနဲ့ နောင်ဆက်လက် တာဝန်ယူကြမယ့် နိုင်ငံတော် အကြီးအကဲများကိုလည်း လက်ရှိသမ္မတကြီးနည်းတူ မြစ်ဆုံဆည်ကိစ္စကို လုံးဝရပ်ပစ်လိုက်ဖို့ အကြံပြု တိုက်တွန်းပေးစေလိုပါတယ်။
ဒါဟာ ရေရှည် အမြော်အမြင်ရှိသူ၊ နိုင်ငံတော်နဲ့ ဧရာဝတီကို ထာဝရ ချစ်မြတ်နိုးသူ၊ ပြည်သူ့ရဲ့ ဆန္ဒကို အလေးထားသူ၊ ဒီမိုကရေစီကျင့်စဉ်ကို လေးစားလိုက်နာသူအဖြစ် သမိုင်းဝင် မှတ်တမ်းတင်ခံရမှာဖြစ်ပါတယ်။


လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက်အန္တရာယ် ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာ ဖြစ်ပါတယ် ...


အသက်သွေးကြော

လူတစ်ဦးစီအတွက် မွေးစမှ သေဆုံးသည်အထိ နှလုံးခုန်နေရပြီး သွေးကြောတွေရဲ့ စီးဆင်းမှုနဲ့အတူ ရှင်သန်မှုအသက်ဓာတ်ကို ရရှိနေကြပါတယ်။
လူသားတွေရဲ့ သွေးကြောတွေ ဖွဲ့စည်းပုံကို လေ့လာကြည့်မိပါတယ်။ နှလုံးက စတင်သွေးပို့လွှတ်ပေးရာမှစကာ သွေးကြောတွေဟာလည်း လည်ပတ်စီးဆင်းနေကြတာပါ။ လူတွေရဲ့ ဦးခေါင်းမှ ခြေဖျားအထိ သွေးကြော တည်ဆောက်ထားပုံကို တွေ့မြင်နိုင်ပါတယ်။ ဦးခေါင်းပိုင်း သွေးကြောငယ်များနဲ့ ပြင်ပ လည်ချောင်းသွေးကြောနဲ့ အတွင်းလည်ချောင်းသွေးကြောတို့ ပေါင်းစည်းပြီး နှလုံးထဲကိုစီးဝင်တဲ့ ပင်မသွေးကြောကြီး ဖြစ်လာတာပါ။

အဲသည်ကမှတစ်ဆင့် ကိုယ်ခန္ဓာ အနှံ့အပြား ပို့လွှတ်ပေးပါတယ်။ လူ့ပယောဂဖြစ်တဲ့ ဆေးလိပ်သောက်တာ၊ အရက်သောက်တာ၊ အဆီအစိမ့် အစားများတာတွေကြောင့် သွေးကြောတွေရဲ့ တစ်နေရာရာမှာ ပိတ်ဆို့တာ၊ သွေးကြောတွေ ကျဉ်းလာတာ၊ သွေးပုံမှန် မစီးဆင်းနိုင်တာတွေ ဖြစ်လာတတ်ပါတယ်။

သွေးကြောတွေရဲ့ စီးဆင်းမှု မမှန်ကန်ရင် ရောဂါဝေဒနာတစ်ခုခု ခံစားကြရပါတယ်။ နှလုံးရောဂါ၊ သွေးကြောကျဉ်းရောဂါ၊ လေဖြတ်ရောဂါ၊ ဦးနှောက်သွေးကြောပေါက်ရောဂါ စသည်ဖြင့် ရောဂါပေါင်းစုံ ၀င်ရောက်လာပါတော့တယ်။ သည်အခါလူ တစ်ယောက်အနေနဲ့ ဝေဒနာသည်ဘ၀နဲ့ စိတ်ဓာတ်ကျနေရရှာပါတယ်။ ဒါမှမဟုတ် အသက်ဆုံးရှုံး သွားရပါတယ်။

ဧရာဝတီ

မြန်မာနိုင်ငံမြောက်ဖျား ကချင်ပြည်နယ်ရှိ မြစ်ဖျားခံတဲ့ မေခနဲ့မလိခ မြစ်နှစ်သွယ် ပေါင်းစုံရာမှ ဧရာဝတီမြစ်ကြီး ဖြစ်ထွန်းလာပါတယ်။ ဒီမြစ်ဟာ မြန်မာပြည်သူတွေအတွက် သ ဘာဝကပေးတဲ့ ထာဝရလက်ဆောင်ပါ။ မြန်မာပြည်တွင်းမှာစပြီး မြန်မာပြည်တွင်းမှာ အဆုံးသတ်ပါတယ်။ ပြည်တွင်းဖြစ်စစ်စစ်ပါ။ မျိုးချစ်စိတ်အပြည့်အ၀ ရှိသူပါ။

သစ္စာရှိသည့် မြစ်ကို ချစ်သဒ္ဒါ အပြည့်ပေးကြရမှာ ကျွန်တော်တို့ ပြည်သူ၊ ပြည်သားတွေရဲ့ သမိုင်းပေးတာဝန်ပါ။ တာဝန်ယူလိုစိတ်၊ တာဝန်သိတတ်စိတ် ရှိသူတွေရဲ့ မလွဲမ သွေ လုပ်ရမယ့်အလုပ်ပါ။
ဧရာဝတီမြစ်ရဲ့စီးဆင်းပုံက စိတ်ဝင်စားဖို့ အလွန်ကောင်းပါတယ်။

မေခနဲ့ မလိခမြစ်နှစ်သွယ် ပေါင်းစည်းပြီး မြစ်ဆုံနေရာမှစကာ ဧရာဝတီမြစ်ဆိုတာ ပေါ်ထွန်းလာတာပါ။ အင်ဂျန်းရှန်၊ အင်ဆွပ်ဇွမ်ဒေသတွေဟာ ဧရာဝတီရဲ့ မူရင်းဘူမိနက်သန် နေရာပါ။ ဧရာဝတီမြစ်ရဲ့ ကမ်းနဖူးစပ်က ကျောက်စရစ်ခဲလေးတွေ၊ မြစ်ထဲက ငါးလေးတွေ၊ မြစ်ပေါ်က ငှက်ကလေးတွေ၊ နောက်ခံ တောင်တန်းပြာထက်မှ တိမ်တိုက်တွေ၊ တသွင်သွင်စီးမျော နေတဲ့ ကြည်လင်အေးမြတဲ့ ရေတွေသာ မောကြည်နူးစရာအတိပါ။
အင်ဂျန်းရှန်ဒေသခံ တန်ဖဲရွာသူ၊ ရွာသားတွေဟာ နံနက်မိုးသောက် အလင်းရောက်တာနဲ့ ဧရာဝတီမြစ်ကြီးဆီ ရောက်လာကြပါတယ်။ သည်မြစ်ထဲမှာ မျက်နှာသစ်၊ ရေချိုး၊ ငါးဖမ်း၊ ရေပေါ်မှာ ဆော့ကစား၊ သည်လိုနဲ့ သူတို့ဘ၀ဟာ မြစ်ကြီးနဲ့အတူ ကြီးပြင်းလာပါတယ်။ အင်ဂျန်းရှန်ရွာ၊ တန်ဖဲရွာကလူတွေ မြစ်ထဲရောက်နေချိန်။ တစ်ချိန်တည်းမှာပဲ ဂေါဝိန်ဆိပ်ကမ်းမှာလည်း ရွှေမန်းသူတွေ မြစ်ထဲရောက်နေပါပြီ။

ထို့အတူ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ သပိတ်ကျင်း၊ စစ်ကိုင်း၊ ညောင်ဦး၊ ချောက်၊ မကွေး၊ သရက်၊ ပြည်၊ ကြံခင်း၊ မိုးညို၊ ဟင်္သာတ၊ ဇလွန်၊ ညောင်တုန်း၊ အင်္ဂပူ၊ ပုသိမ်၊ မြောင်းမြစတဲ့ လူတွေလည်းပဲ ဧရာဝတီမြစ်ကြီးထဲမှာ စားဝတ်နေရေးအတွက် ကိုယ်စီကိုယ်စီ ဟန်ချက်ညီညီ တစ်ပြိုင်နက် လှုပ်ရှားနေကြပါတယ်။

ဆိုလိုတာက ဧရာတီမြစ်ကြီး ဟာ မြန်မာပြည်သူတွေနဲ့အတူ နေ့ ပေါင်းများစွာ၊ လပေါင်းများစွာ၊ နှစ် ပရိစ္ဆေဒပေါင်းများစွာကောင်းတူဆိုး ဖက်ဖြတ်သန်းလာခဲ့တာ . . . ကြာ ပြီကော။

လူ့သဘာဝလေးတစ်ခု ပြောပြချင်ပါတယ်။ သင်ကိုယ်တိုင်ပန်းကန် မဆေးတဲ့အခါ သူများက ပန်းကန် ဆေးပေးတယ်ဆိုပါစို့။ ရုတ်တရက် ဟိုလူ့ကြောင့် ပန်းကန်ကျကွဲသွားခဲ့ရင် သင်အရမ်းစိတ်ဆိုးပါတယ်။ အရမ်း နှမြောပါတယ်။ ဒါပေမယ့် သင်ကိုယ် တိုင်ပန်းကန်ဆေးတဲ့အခါ ပန်းကန် ကျကွဲသွားရင် နှမြောရုံက လွဲလို့ အိုးလူပဲလေဒါဖြစ်တတ်တဲ့ သဘာဝ ပဲဆိုပြီးခွင့်လွှတ်လိုက်တတ်ကြတယ် မဟုတ်လား။

အသက်သွေးကြောဧရာဝတီ

ကျွန်တော်တို့ မြန်မာပြည်အတွင်းမှာ ဧရာဝတီမြစ်ကြောင်း စီးဆင်းပုံဟာ လူ့ခန္ဓာကိုယ်အတွင်း သွေးကြောဖွဲ့စည်းစီးဆင်းပုံနဲ့ အတော်တူပါတယ်။ လူ့သွေးကြောရဲ့ တစ်နေရာရာမှာ ပိတ်ဆို့နေရင် လူ့အသက် အန္တရာယ်ရှိနေသလို ဧရာဝတီမြစ်ရဲ့ တစ်နေရာရာမှာ ဆည်ဆောက်လို့ ဖြစ်ဖြစ်၊ ရွှေတူးလို့ဖြစ်ဖြစ် ပိတ်ဆို့လိုက်မယ်ဆိုရင် မြန်မာပြည်ရဲ့ အသက်ကလည်း အန္တရာယ်ဖြစ်လာမှာဖြစ်ပါတယ်။

သည်တော့ လူတစ်ယောက်ကို အသက်မသေစေချင်ရင် သွေးကြောတွေ မပိတ်မဆို့ မှန်မှန်စီးဆင်းစေရပါတယ်။ လိုအပ်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု ပေးရပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ကြီးကိုလည်း အသက်ရှည်စေချင်တဲ့ စိတ်ကလေးရှိကြရင် အသက်သွေးကြောနဲ့တူတဲ့ ဧရာဝတီမြစ်ကြီးကို ကျန်းမာအောင် မြန်မာပြည်ကိုချစ်တဲ့ မျိုးချစ်စိတ်ရှိသူတိုင်းက ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ရပါမယ်။
မြစ်ဆုံက တိုင်းရင်းသားတွေ နည်းတူ ဂေါဝိန်၊ ညောင်ဦး၊ ပြည်၊ ပုသိမ်ဆိပ်ကမ်းတွေက ပြည်သူတွေကလည်း ဧရာဝတီမြစ်ကြီးကို ၀ိုင်းဝန်း စောင့်ရှောက်ကြရပါမယ်။

သဘာဝဘေးဒဏ် ကာကွယ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့အတွက် ပြည်သူတွေရဲ့အသိ နိုးကြားလာပါမယ်။ ပြည်သူတွေရဲ့အသိတ ရားနိုးကြားလာမှုကိုလည်း မချိုးနှိမ်မိဖို့ နိုင်ငံတော်က သတိထားရပါမယ်။

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ချစ်တဲ့ အသက်သွေးကြော ဧရာဝတီကို ကျွန်တော်တို့ ကာကွယ်ကြရပါမယ်။ နည်းလမ်းစုံနဲ့ ကာကွယ်ရပါမယ်။

ကျွန်တော်တို့မှာ ဖွဲ့စည်းပုံရှိတယ်။ အစိုးရရှိတယ်။ တပ်မတော်ရှိတယ်။ အချုပ်အခြာအာဏာ ရှိတယ်။

ဒါကြောင့် အချုပ်အခြာအာဏာအောက်က အသက်သွေးကြော ဧရာဝတီကို ၀ိုင်းဝန်းကာကွယ် ထိန်းသိမ်းစောင့်ရှောက်ကြပါစို့။

ပါးရိုက်ခက ငါးကျပ်ပဲ............အင်းးးးးးးးးးး

ကျွန်တော်ငယ်စဉ်က ဟာသတစ်ပုဒ် ဖတ်ဖူးပါသည်။ ကြာတော့ ကြာလှပါပြီ။ သို့သော် တကယ့် ဟာသရသမြောက်၍ ယခုအထိ ကျွန်တော်မမေ့ခဲ့။ ဇာတ်လမ်းက ဤ သို့ဖြစ်ပါသည်။

တစ်ခါက မြို့တစ်မြို့တွင် လူနှစ်ဦးစကားများကြရာမှ လက်ရောက်မှုဖြစ်သည်။ တစ်ဦးက စိတ်မထိန်းနိုင်၍ အခြားတစ်ဦးကို ပါးရိုက်မိခဲ့သည်။ တရားရုံးသို့ တိုင်ကြားသည့်အခါ တရားသူကြီးက ''ပါးရိုက်ခ ငါးကျပ် ဒဏ်ဆောင်စေ''ဟူ၍ အမိန့်ချမှတ်ပါသည်။ ထိုအခါ ပါးရိုက်သူက ငွေတစ်ဆယ်ကျပ်တန်ကို ထုတ်ပေးသည်။ အရိုက်ခံရသူက အကြွေ အမ်းစရာမရှိဟု ဆိုသည်။ ထိုအခါ ပါးရိုက်သူက ''အမ်းစရာမလိုတော့ဘူး''ဟု ဆိုကာ နောက်တစ်ချက် ထပ်ရိုက်လိုက်ပါတော့သည်။

ဇာတ်လမ်းက ဤမျှသာပင်။ ထိုခေတ်က စာစောင်၏ ဟာသကဏ္ဍမှ ဖော်ပြခံရသော ဟာသဖြစ်ပါသည်။ ကျွန်တော့်တို့ ရင်ထဲတွင် တသသစွဲ ကျန်မရစ်ပါ။ ဟာသအနေနှင့်သာ ကျန်ရစ်ခဲ့ပါသည်။
သို့ရာတွင် ယခုနှစ် ဧပြီလ ၄ ရက်နေ့ထုတ် The Weekly Eleven (အတွဲ-၇၊ အမှတ်-၂၇)၏ မျက်နှာဖုံးတွင် ဖော်ပြထားသည့် ''လူမြင်ကွင်းတွင် သတင်းထောက် အေးသူစံအား ပါးရိုက်ခဲ့သည့် သရုပ်ဆောင် ထက်ထက်မိုးဦးကို ရန်ကင်း မြို့နယ်တရားသူကြီး ဒေါ်ထွေးထွေးက ဒဏ်ငွေကျပ်တစ်ထောင် ပေးဆောင်ရန် အမိန့်ချခဲ့''ဟူသော ခေါင်းစဉ်က ဤဟာသကို သတိရစေသည်။ သို့သော် ''ဟာသ'' တစ်ပုဒ်အနေဖြင့် သတိရစေခြင်းကား မဟုတ်။ ကျွန်တော့်ရင်တွင် နင့်ဝင်လောက်အောင် စူးရှဝေဒနာ ခံစားမှုနှင့်အတူ သတိရလိုက်ခြင်း ဖြစ်ပါသည်။

Weekly Eleven ၏ စာမျက်နှာ ၂၅ တွင် ဖော်ပြထားသည့် 'သတင်း' အပြည့်အစုံကို ဖတ်လိုက်မိသည့်အခါ ငယ်ငယ်က ဖတ်ခဲ့ဖူးသည့် 'ပါးရိုက်ခက ငါးကျပ်ပဲဆိုတော့' ဟာသပုံပြင်သည် 'ဟာသရသ'မှ '၀ိဘစ္ဆရသ'သို့ တစ်မုဟုတ်ချင်း ကူးပြောင်းသွားပါတော့သည်။ သတင်းအဆုံးအထိ ဖတ်ပြီးသည့်အခါ မာရသွန် အပြေးပြိုင်ပွဲဝင်သူတစ်ဦးအဖို့ ဆုမချိတ်ဘဲ ပန်းဝင်လာသည့်အမောမျိုးကို ခံစားလိုက်ရသည်။

ထို့အတူ နယ်ချဲ့ခေတ်က ပါးရိုက်သည့် ဖြစ်ရပ်တစ်ခုကိုပါ သတိရမိသည်။ ကျွန်တော်နေထိုင်ရာ မြို့ (၀ါးခယ်မမြို့)တွင် ဖြစ်ပွားခဲ့ပါသည်။ (ကျွန်တော့်မြို့က ရှေ့မီနောက်မီတို့ကို ကြိုက်သလို မေးမြန်းနိုင်ပါ သည်။) ကျွန်တော့်မြို့က ဦးနီသည် သိမ်မွေ့သော အနုပညာသည်တစ်ဦး အဖြစ် လူသိများသည်။ အေးဆေးသည်။ ထိုခေတ်က သူ့လက်ဆွဲဘာ ဂျာလေးတီးရင်းဂီတရသကို ကြည်နူးစွာ ခံစားနေတတ်သူဖြစ်ပါသည်။ သို့သော် သူမကျေနပ်သူမှာ မြို့တွင် လာရောက်အမှုထမ်းနေသည့် နယ်ချဲ့ အလိုတော်ရိ တရားသူကြီးဖြစ်ပါသည်။ မလို တစ်မျိုး၊ လို တစ်မျိုးဆုံးဖြတ်သည့် သူ့စိတ်ဓာတ်ကို ဦးနီက ရွံရှာနေသည်။ တစ်နေ့တွင် နယ်ချဲ့အလိုတော်ရိ တရားသူကြီးရုံး အဆင်းကို စောင့်ကာ တရားရုံး အလွန်လမ်းပေါ်အရောက်တွင် အားရှိပါးရှိ 'ပါးရိုက်'၍ မုန်းတီးရွံရှာမှုပြပြီးမှ အပြစ်ဒဏ် ခံယူလိုက်ခြင်းဖြစ်ပါသည်။

သို့သော် ကျွန်တော်တို့မြို့မှ ကြားကြားသမျှ သူတော်ကောင်းအပေါင်းတို့က 'ပါးရိုက်သူ' ဦးနီကို ထောမနာပြုသည်။ ကောင်းချီးပေးသည်။ သူ၏ ပါးရိုက်မှုအတွက် ဂုဏ်ယူကြသည်။ သို့သော် ဦးနီ ရင်ဆိုင်ရမည့် ပြစ်ဒဏ်အတွက် ပါးရိုက်သူဦးနီကိုပင် သနားနေကြသေးသည်။ အဘယ့်ကြောင့်ဆိုသော် မျိုးချစ်စိတ်ဓာတ်ကြောင့်ပင် ဖြစ်ပါသည်။

ယနေ့ ကျွန်တော်တို့နိုင်ငံသည် ကိုယ့်အမျိုးသားအစိုးရနှင့်ကိုယ် နေနိုင်ကြပါပြီ။

ပါးရိုက်မှုကို စီရင်ဆုံးဖြတ်သည့် ကာလကိုလည်း အံ့သြစရာ ဖြစ်ရသည်။ အမှုဖွင့် အရေးယူခဲ့သည်မှ အပြီးသတ် စီရင်ချက်ချမှတ်သည်အထိ တစ်နှစ်နှင့် ၁၀ လကျော် ကြာမြင့်ခဲ့သည်။ ဤအမှုကိုပင် ဤမျှကြာမြင့်သည် ဆိုပါက ထို့ထက်ကြီးမားသော အမှုများဆိုလျှင်. . .ကျွန်တော်ဆက် ၍ မတွေးတော့ပါ။


ပါးရိုက်မှုကို စီရင်ဆုံးဖြတ်သည့် ကာလကိုလည်း အံ့သြစရာ ဖြစ်ရသည်။ အမှုဖွင့် အရေးယူခဲ့သည်မှ အပြီးသတ် စီရင်ချက်ချမှတ်သည်အထိ တစ်နှစ်နှင့် ၁၀ လကျော် ကြာမြင့်ခဲ့သည်။ ဤအမှုကိုပင် ဤမျှ ကြာမြင့်သည် ဆိုပါက ထို့ထက်ကြီးမားသော အမှုများဆိုလျှင် ...

မည်သို့ပင်ဖြစ်စေ တရားရုံး၏ အဆုံးအဖြတ်သည် အတည်ဖြစ်ပါသည်။ ဥပဒေက ဤသို့ဆို၍သာ ဤသို့ ဆုံးဖြတ်ရခြင်းဖြစ်ပါမည်။ စောဒကတက်စရာ မရှိပါ။

သို့တစေ ဤတရားစီရင်မှုကို ကြည့်၍ ကျွန်တော်သင်ခန်းစာရပါ သည်။ သံဝေဂရပါသည်။

ကျွန်တော်ရသည့် သင်ခန်းစာမှာ အခြားမဟုတ်ပါ။ ကျွန်တော်သည် မီဒီယာလောကသား(အငြိမ်းစား)တစ်ဦးဖြစ်ပါသည်။ သတင်းထောက်အေးသူစံကို ကျွန်တော် ကောင်းစွာ မရင်းနှီးပါ။ မသိပါ။ သို့သော် လက်သည်း ဆိတ်တော့ လက်ထိပ်ကနာမိသည်။ တရားရင်ဆိုင်ရာတွင် 'အေးသူစံ' အနိုင်ရသလား၊ ရှုံးသလား။ ဒဏ်ငွေတစ်ထောင် ပေးဆောင်ရသူက နိုင်သလား၊ ရှုံးသလား မပြောတတ်ပါ။ ကျွန်တော့် အမြင်တွင် အေးသူစံက ကျွန်တော့်ကို အဖိုးတန် သင်ခန်းစာတစ်ခု ပေးခဲ့ပါသည်။

သို့သော် ကျွန်တော် 'သံဝေဂ' ယူမိသည်ကား တခြားမဟုတ် 'သံဝေဂ' မှာ နှစ်ရပ်ဖြစ်ပါသည်။ တစ်ခုသော 'သံဝေဂ'မှာ အေးသူစံအတွက် ဖြစ်ပါသည်။ ဟာသပုံပြင်ထဲကလို ဒဏ်ငွေဆောင်သူက ကျပ်ငါးထောင်တန်ပေးပြီး နောက်ထပ် လေးချက်ရိုက်ခဲ့သည်ရှိသော် . . .

နောက်ထပ်ရရှိသော 'သံဝေဂ' တစ်ရပ်က ပိုဆိုးပါသည်။ မကြာသေးမီက ဟိုတယ်တစ်ခုတွင် တာဝန်ထမ်းဆောင်နေစဉ်၊ တာဝန်အရ မကောင်းမှုကို ဟန့်တားမိသူ မြန်မာအမျိုးသမီးအား နိုင်ငံခြားသားက 'ပါးရိုက်ခဲ့သည်ကို 'တစ်ဒေါ်လာသာသာ အသပြာလေး'ဖြင့် ဒဏ်ရိုက်မည်ရှိသော် . . .

Tuesday, March 20, 2012

ပြည်သူ့အသံ ဂရုစိုက်နားထောင်ပါ

နိုင်ငံရေးစနစ် ပြောင်းလဲခြင်းနဲ့ အတူ ပညာရေးစနစ်ပါ ပြုပြင်ပြောင်းလဲရေးအတွက် လွှတ်တော်တွင်းလွှတ်တော်ပ ပြောဆိုဆွေးနွေးမှုတွေ အခုတလော အဆက်မပြတ် ကြားနေရတယ်။ ၀မ်းသာအားတက်စရာပါပဲ။
သန်ရာသန်ရာ အကြံပေးကြ

ပြည်သူလူထုထဲက စိတ်ဝင်စား သူတွေသာမက သားသမီး ပညာရေးအတွက် စိတ်ဝင်စားတဲ့ မိဘများကလည်း ဂျာနယ်တွေကတစ်ဆင့် ၀င်ရောက်ဆွေးနွေး အကြံပေးကြတာတွေ ဖတ်ရတယ်။ တချို့ကတော့ တစ်ခုလုံး ခြုံပြီး ဝေဖန်အကြံပြုတာမျိုး မဟုတ်ဘဲ ကိုယ်သန်ရာသန်ရာ အ ကြောင်းအရာတစ်ခုကို ထည့်သွင်း သင်ကြားပေးစေချင်ကြောင်း အကြံပြုကြတယ်။ ဥပမာတချို့က စိုက်ပျိုးရေးပညာသင်ပေးပါလို့ အကြံပြုပြီး တချို့က စက်မှုနည်းပညာ အခြေခံနဲ့ အိုင်တီပညာအခြေခံ သင်ပေးပါလို့ အကြံပြုတယ်။ ဒီလိုပဲ AIDS တားဆီး ကာကွယ်ရေးကိစ္စ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စ၊ လူ့အခွင့်အရေးတို့ ပြည်သူ့နီတိတို့လို လူမှုရေး ပညာရပ် ကိစ္စတွေလည်း မဖြစ်မနေ ပါဝင်သင့်တယ်လို့ အကြံပြုသူတွေလည်း ရှိကြတယ်။ စည်းကမ်းတကျ လမ်းဖြတ်ကူးရေးကို မူလတန်းအရွယ်ကတည်းက သင်ကြားပေးသင့်တယ်လို့ အကြံပြုသူလည်း ရှိတယ်။

ဂီတနဲ့ပန်းချီသင်ပေးပါ

ကလေးတွေ စိတ်ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်စေဖို့ ငယ်စဉ်ကတည်းက ဂီတနဲ့ ပန်းချီ သင်ပေးပါ၊ နိုင်ငံတကာက ကျောင်းတွေမှာလည်း သင်ပေးတယ်။ ရှေးခေတ်က မြန်မာစာသင်ကျောင်းတွေမှာလည်း ပန်းချီဆရာတွေခန့်ပြီး သင်ကြားပေးပါတယ်လို့ တိုက်တွန်း နှိုးဆော်သူတွေလည်း ရှိ တယ်။ အကြံပေးချက်တွေ အားလုံးဟာ အဖိုးတန်တဲ့ အကြံပေးချက်တွေချည်း ဖြစ်တယ်။ ဒါပေမဲ့ သင်ရိုးညွှန်းတမ်းထဲမှာ အားလုံးပါအောင် ထည့်ဖို့ဆိုတာတော့ ဖြစ်နိုင်ဖွယ် မရှိဘူးလို့ ထင်ပါတယ်။ ကျောင်းသုံးစာအုပ် ပြုစုရေးသားတဲ့အခါမှာ ပညာ ပေးတဲ့ အကြောင်းအရာတွေချည်း တန်းစီပြီး ထည့်သွားလို့ မဖြစ်ပါဘူး။ စာသင်ရတာ ပျော်စရာဖြစ်အောင် ပေါ့ပါးတဲ့ အကြောင်းအရာ လေးတွေလည်း ညှပ်ပြီး ထည့်ပေးရပါတယ်။

ကျွမ်းကျင်သူနဲ့ တိုင်ပင်

ဘယ်အရွယ် ကလေးအတွက် ဘယ်လိုရေးပြီး ဘယ်လိုပေးရမယ်ဆိုတာကို သင်ရိုးညွှန်းတမ်းရေးဆွဲတဲ့ ပညာရှင်များသာ သိနိုင်ပါတယ်။ လူတိုင်း ၀င်ရေးလို့ မရပါဘူး။ မူလတန်း ကလေးတွေအတွက် ပြဋ္ဌာန်းစာအုပ် ပြုစုရေးသားမယ်ဆိုရင် သင်ကြားရေး၊ စိတ်ပညာ ကျွမ်းကျင်သူတွေ၊ ကလေး စိတ်ပညာပါရဂူတွေ၊ မူလတန်းဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ သင်ရိုးညွှန်းတမ်း ပညာရှင်တွေက ရေးဆွဲကြရမှာဖြစ်တယ်။ ဘယ်အရွယ်ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုက ဘယ်လောက်ရှိတယ်ဆိုတာကို ကလေးစိတ်ပညာ ပါရဂူတွေမှ သိပါတယ်။ သူတို့နဲ့ ညှိ နှိုင်းခြင်းမပြုဘဲ လုံးဝ မရေးသင့်ပါဘူး။

စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ

သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေး အသက်အရွယ်အလိုက် ကျွမ်းကျင်သူ ပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဟိုကပြော၊ ဒီကပြောနဲ့ ပြောသမျှတွေနောက်လိုက်နေရင် ငါးပွက်ရာ ငါးစာချသလို အချိန်သာကုန်ပြီး ငါးရဖွယ်မရှိ ဖြစ်တတ်တယ်။ ပညာရေးနဲ့ပတ်သက်ပြီး စနစ်သစ်ဆို စမ်းသပ်ခဲ့တဲ့ အကြိမ်တွေ မနည်းတော့ဘူး။ ကြားထဲက ကျောင်းသူ ကျောင်းသားတွေပဲ ဒုက္ခရောက်ကြရတယ်။

မပါမဖြစ်ပါရမယ့် သူတွေ

ဒီတစ်ကြိမ်တော့ သေသေချာချာ အချိန်ယူပြီး ဆောင်ရွက်သင့်တယ်။ တတ်သိနားလည်တဲ့ ပညာရှင်မှန်သမျှဆီက အကြံပြုချက်တွေ ရအောင် ယူသင့်တယ်။ လက်တွေ့ သင်ကြားနေတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသူ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေရဲ့ အသံတွေကိုပါ နားထောင်ဖို့ လိုပါတယ်။ ကာယကံရှင်တွေရဲ့ ဆွေးနွေး ဝေဖန်ချက်တွေကို ထည့်သွင်းမစဉ်းစားဘဲနဲ့ မှန်ကန်တဲ့ စီမံကိန်းတစ်ရပ် ပေါ်ထွက်မလာနိုင်ဘူး ဆိုတဲ့အချက်ကို မမေ့သင့်ကြဘူး။ ပညာရေးမှာ ကာယကံရှင်က ကျောင်းသားရယ်၊ ဆရာရယ်၊ မိဘရယ် ဖြစ်တယ်။ ဒီသုံးဦးဟာ ပညာရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးညှိနှိုင်းပွဲ မှန်သမျှကို မပါမဖြစ် ပါဝင်ရမယ့်သူတွေ ဖြစ်တယ်လို့ ဆိုချင်တယ်။

ဂရုမစိုက်ခဲ့ကြလို့

မှားမှားမှန်မှန် ခိုင်းရင်ခိုင်းတဲ့ အတိုင်းလုပ်ဆိုတဲ့ တစ်ပါတီ အာဏာရှင်စနစ်အောက်မှာ ဘာတစ်ခုမှ ထိရောက် အောင်မြင်အောင် မလုပ်နိုင်ခဲ့ကြတာဟာ ပါဝင်ပတ်သက်နေတဲ့ ကာယကံရှင်တွေရဲ့ အသံတွေကို လုံးဝ ဂရုမစိုက်ခဲ့ကြလို့ ဖြစ်တယ်။ ရှေးရှေးက ၀န်ကြီးတစ်ပါး နောက်တော်ပါ တွေနဲ့ တိုင်းခန်းလှည့်လည်ရာမှာ အညာဒေသရောက်တော့ ဒီနှစ်မိုးလေ မမှန်လို့ ထန်းအထွက်နည်းတဲ့အတွက် ထန်းသမားများ ထန်းလျက် ကုန်သည်များ စားဝတ်နေရေးခက်ခဲကြောင်း ဒေသခံတွေက တင်ပြကြတယ်။ အဲဒီတော့ ၀န်ကြီးက ထန်းသမားတွေကို မျိုးကောင်းမျိုးသန့်တွေ ထုတ်ပေးလိုက်၊ မြစ်ရေတင်စီမံကိန်းကို ဒီဒေသအရောက်တိုးချဲ့လိုက်ဖို့ အမိန့်တော် ချမှတ်လိုက်သတဲ့။


သင်ရိုးညွှန်းတမ်း ရေးဆွဲပြုစုရာမှာ ကလေးအသက်အရွယ်အလိုက် ကျွမ်းကျင်သူပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး သင်ရိုးညွှန်းတမ်း ရေးဆွဲရေး ပညာရှင်များကသာ ရေးဆွဲရမယ်ဆိုတဲ့ မူကို အခိုင်အမာ ချမှတ်ပြီး ဆောင်ရွက်ဖို့ အရေးကြီးပါတယ် ...

လူမှန်နေရာမှန်

ဒီမိုကရေစီခေတ်ကို မဖြစ်ဖြစ်အောင် ထူထောင်မယ်ဆိုရင်တော့ ထန်းမျိုးစေ့ကောင်း ထုတ်ပေးလိုက်ဆိုသူတွေနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘယ်နေရာ ဘယ်ဌာန ဘယ်စီမံကိန်းမျိုးမှာမဆို တကယ်တတ်သိနားလည်တဲ့ ပညာရှင်တွေနဲ့ လူမှန်နေရာမှန်ဖြစ်ဖို့ လိုတယ်။ စီမံကိန်းတွေ ရေးဆွဲချမှတ်ရာမှာလည်း ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ပတ်သက်နေကြတဲ့ ကာယကံရှင် ပြည်သူလူထုဆီက အကြံပေးချက်၊ တင်ပြချက်တွေကို ဂရုစိုက်နားထောင် ကြဖို့လိုပါတယ်။

၁၉၅၃ ခုနှစ်က စာအုပ်

ရှေးခေတ် ပထမတန်း ဖတ်စာအုပ်ထဲမှာ ပါတာလေးတွေကို နမူနာအဖြစ် ရေးပြလိုက်ပါတယ်။ မြန်မာဖတ်စာသစ်လို့ ခေါ်ပါတယ်။ အဖုံးမှာ ဒေါင်းတံဆိပ်ကြီးပါလို့ ဒေါင်းဖတ်စာလို့ ခေါ်ကြတယ်။ စာမျက်နှာ ၁၀၂ မျက်နှာပါပြီး တန်ဖိုး K 1-50 (တစ်ကျပ် ငါးဆယ်ပြား)ဖြစ်တယ်။ Approved by Text Book Committe, Rangoon လို့ဖော်ပြပြီး British Burma Press. Rangoon Gazette Limited က ၁၉၅၃ ရိုက်နှိပ်ထားတာ ဖြစ်တယ်။ ပထမ နှစ်မျက်နှာက ဗျည်းနဲ့သရတွေကို သင်ထားတာဖြစ်ပြီး သင်ခန်းစာ တစ်က လေ့ကျင့်ခန်း လုပ်ခိုင်းပါတယ်။ က ကာ ကား၊ ကိ ကီ ကီး ခြောက်လုံးနဲ့ ၀ါကျတွေ ရေးထားပါတယ်။

ဤပုဝါနီ၏။
မီးရထားစီးပါ။
မရီငါးမစားရ။
မနီသတိထားပါ။
အနာမထိရ။
ထီးပါသလား။

သူငယ်များနှင့် ဖားတို့အကြောင်း

သင်ခန်းစာ ၂ ကျတော့ ကု ကူ ကူး၊ ကေ ကေ့ ကေးတို့ သင်ပါတယ်။ လေ့ကျင့်ခန်းက -

ဘဦးရေကူးနေသည်။
ဆေးကု၍မရပါ။
မနေ့က လေလာ၏။
အသီးနုနု မခူးရ။
ဥတုရာသီအေး၏။ တို့ဖြစ်တယ်။

သင်ခန်းစာ ၇ ကစပြီး ၀ါကျ တိုလေးတွေစသင်ပါတယ်။ 'သူငယ်များနှင့် ဖားတို့အကြောင်း' ဆိုတဲ့ ခေါင်းစဉ်အောက်မှာ -

၁။ သူငယ်များသည် ရေကန်တစ်ကန်အနီး၌ ကစားကာနေကြ၏။
၂။ ထိုကန်ထဲက ဖားအများနေကြသတည်း။
၃။ ထိုအခါ ဖားကြီးက မောင်တို့သည် သူတစ်ပါးနာအောင်၊ သေအောင် မကစားရာ။ ဆင်ကျီစားရာ ဆိတ်မခံသာပါဟုဆို၍ ရေထဲသို့ ငုပ်သွားလေ၏။

တန်ခူးရက်မစုံ ၂၉

သင်ခန်းစာ ၉ ကျတော့ တြိချိုး သဖြန်ဆိုတဲ့ ခေါင်းစဉ်နဲ့ - 'ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဖိုးအို၊ ဟောကြည့်ပဆို၊ ဆိုသာဆို ပိုမိုသည့် စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ် ဖိုးလနတ်သား' ကဗျာကို စ မိတ်ဆက်ပေးတယ်။ သင်ခန်းစာ ၁၂ က 'ပျိုလေးတို့အိမ် ဦး၊ ဆပ်သွားဖူးတဲ့ တစ်ရုံနှစ်ရုံ၊ ကျေး တွေကအုံ' ဆိုတဲ့ကဗျာပါ။ သင်ခန်းစာ ၁၆ က 'အတတ်ပညာ၊ ကြိုးစားကာ သင်ပါမေ့သားလှ' အစချီတဲ့ ပညာအကြောင်း သံပေါက်ပါ။ သင်ခန်းစာ ၂၀ က ယုန်နှင့်လိပ်တို့ အကြောင်း ပုံပြင်ပါ။ သင်ခန်းစာ ၂၆ ကျတော့'သန့်ရှင်းသော အ၀တ်ကိုဝတ် ခြင်းအကြောင်း' ခေါင်းစဉ်နဲ့ ၀ါကျတိုလေး ရှစ်ခု ရေးထားတယ်။ ၃၇ မှာတော့ 'ဥဒေါင်းယောင်ဆောင်သော ကျီးအကြောင်း' ပုံပြင်ဖြစ်တယ်။ ၄၁ က '၀ံပုလွေနှင့်သိုးငယ်အကြောင်း' ပုံပြင် ပါ။ ၅၁ က'ကျီးနှင့်မြေခွေးအကြောင်း' ပုံပြင်ပါ။ ၅၆ ကျတော့ 'တန်ခူးရက် မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀' ဆိုတဲ့ မြန်မာလများအကြောင်း ဖြစ်ပါတယ်။

အတုယူနိုင်ကြပါစေ

သင်ခန်းစာ ၆၀ ကနေအကြောင်း၊ ၆၂ က လနှင့်ကြယ်များ အကြောင်း၊ နောက်ဆုံး သင်ခန်းစာ ၆၄ ကတော့ ညီက အစ်ကိုထံ ပေးစာဆိုတဲ့ ပေးစာရေးနည်း ဖြစ်ပါတယ်။ အဲဒီနောက်တော့ ဆရာများ သတိပြုရန် အမှာစာဆိုပြီး သင်ခန်းစာများ သင်ကြားနည်း ကို ရှင်းလင်းပြောထားတာ ဖြစ်ပါတယ်။ ဒီဖတ်စာလေး ကြည့်လိုက်ရုံနဲ့တင် သင်ရိုးညွှန်းတမ်းတို့ ဖတ်စာတို့ ရေးဆွဲပြဋ္ဌာန်းရာမှာ သက်တမ်းအလိုက် ဘယ်လိုအဆင့်ဆင့် ပေးသွားရမယ်ဆိုတာ သိသာထင်ရှားပါတယ်။ ကောင်းတာတွေ အတုယူနိုင်ကြပါစေ လို့ သတိပေး နှိုးဆော်လိုက်ရပါတယ်။

ဘယ်သူ့ကို မဲပေးကြမှာလဲ ... (၂)

AddThis Social Bookmark Button

''ကျွန်တော်ဘယ်သူ့ကို မဲပေးလိုက်သလဲ ကျွန်တော်သိတာပေါ့။ သူတို့လည်း သိမှာပေါ့။ ဒါပေမဲ့ ကျွန်တော့်မဲ ဘယ်သူရသွားလဲဆိုတာ တော့ သူတို့ပဲသိတယ်''

ဘရာဇီးလ်က ရွေးကောက်ပွဲဆိုင်ရာ ကျွမ်းကျင်သူ အမီလ်ကာ ဘရူနာဇိုဖီလ်ဟို ပြောတာပါ။ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်နှစ်က ...။ အင်း။ ထားပါတော့လေ။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့။
အနှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်လုပ်တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ စိတ်ကျေနပ်မှုရလောက်တဲ့ အခြေအနေမျိုးတော့ မရှိခဲ့ပါဘူး။ ဒါပေမဲ့ ဒီရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရကတော့ မျှော်လင့်မထားဘဲကို ပိုကောင်းအောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ စခဲ့တာ လုံးဝမဟုတ်ပါဘူး။ တက်လာတဲ့ ကြံ့ခိုင်ရေးအစိုးရ လက်ထက်မှာမှ စခဲ့တာပါ။ ဒါကိုတော့ အသိအမှတ် ပြုရပါမယ်။ Revolution ကို မကြုံချင်တဲ့ အစိုးရသစ်ဟာ R ဖြုတ်ပြီး ဖြည်းဖြည်းချင်း ပြောင်းလဲတဲ့ ဆင့်ကဲဖြစ်စဉ် Evolution အတိုင်း အပြောင်းအလဲကို လုပ်ပေးခဲ့တယ်လို့ ထင်တာပါပဲ။

နှစ်နှစ်အကြာမှာတော့ ရွေးကောက်ပွဲတွေ တစ်ကျော့ ပြန်လာပါပြီ။ ဒီတစ်ခါ ရွေးကောက်ပွဲကတော့ အစိုးရအဖွဲ့နဲ့ အုပ်ချုပ်မှုအာဏာပိုင်းမှာ အပြောင်းအလဲ ကြီးကြီးမားဖြစ်စေနိုင်တဲ့ အတိုင်းအတာမှာ မရှိပါဘူး။ သမ္မတ၊ ဒုသမ္မတနဲ့ ၀န်ကြီးတွေ၊ ပြည်နယ် ၀န်ကြီးချုပ်တွေ၊ ပြည်နယ် ၀န်ကြီးတွေဖြစ်သွားကြတဲ့ ကြံ့ခိုင်ရေး ကိုယ်စားလှယ်များရဲ့ လစ်လပ်သွားတဲ့နေရာ အနည်းငယ်ကိုပဲ ပြန်ရွေးကြရမှာပါ။

ဒါကြောင့် ဒီရွေးကောက်ပွဲဟာ အာဏာအပြောင်းအလဲဖြစ်ဖို့ (ဒါမမဟုတ်) အာဏာ ဆက်လက်တည်မြဲဖို့အတွက် အဓိကကျတဲ့ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျ အပြောင်းအလဲအပေါ် မြန်မာအစိုးရ တကယ် လျှောက်နေတယ်ဆိုတာ သက်သေပြရမယ့် ရွေးကောက်ပွဲပါ။ အတိုက်အခံတွေဘက်ကလည်း နိုင်ဖို့ထက် မျှတတယ်၊ မမျှတဘူးဆိုတာကို အဓိကစောင့်ကြည့်ဖို့၊ အဲဒီအပေါ်မှာ ဘယ်လို ရှေ့ဆက်ရမယ်ဆိုတာ ဆုံးဖြတ်ဖို့ အဓိကကျတဲ့ ရွေးကောက်ပွဲပါ။ ကျွန်တော်တို့ ပြည်သူတွေ အတွက်ကရော။ ရွေးချယ်စရာ ပိုမိုစုံလင်လာတဲ့ ရွေးကောက်ပွဲမှာ ကိုယ်ပေးတဲ့ မဲတစ်ပြား ပေးတဲ့သူဆီ အမှန်တကယ် ရောက် မရောက် ဒုတိယ အကြိမ်မြောက် ဆန်းစစ်ရမယ့် ပွဲပါ။ ဒါဟာ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲများရဲ့အစ ဖြစ်လာနိုင်ပါ တယ်။ ရွေးချယ်စရာ စုံလင်လာတဲ့ ဒီတစ်ခေါက်မှာတော့ ကျွန်တော်တို့ သွားပေးကြည့်တာတော့ မမှားဘူး ထင်ပါတယ်။

၂၀၁၀ ပြည့်နှစ်တုန်းက ရွေးကောက်ပွဲ မစခင် စဉ်းစားကြည့်မိတယ်။ ပြောင်းပြန်စောက်ထိုး စဉ်းစားပုံနဲ့ပါ။ ဘယ်လိုလူမျိုးကို ရွေးမလဲဆိုတာထက် ဘယ်လိုလူမျိုးကို မရွေးဘူးလဲ ဆိုတာကိုပါ။ အဲဒီတုန်းက မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်း ရေးခဲ့ပါသေးတယ်။ ဒီတစ်ခါ ရွေးကောက်ပွဲမှာလည်း မရွေးသင့်တဲ့သူ ခြောက်မျိုးအကြောင်းက ပြန်စကြည့်ပါမယ်။

  • (၁) ဒေါင်းယောင်ဆောင်သော ကျီး
  • (၂) သစ္စာဖောက်
  • (၃) အခွင့်ရေးသမား၊ သာကူး
  • (၄) လက်ဝေခံ၊လက်ကိုင်တုတ်
  • (၅) ဆိုင်းသံဗုံသံကြားရင် ကချင်ကြသူတွေ၊ ပါလေရာတွေ
  • (၆) နေ့ခင်းကြောင်တောင် အိပ်မက်မက်သူတွေ ဆိုပြီးတော့ပါ။

ဒီခြောက်မျိုးထဲ မပါတဲ့သူမျိုး ရွေးသင့်ပါတယ်လို့ ပြောခဲ့ပါတယ်။ အခု နှစ်နှစ်လောက် ရှိလာပြီဆိုတော့လည်း ဘယ်သူတွေက ဒေါင်းယောင်ဆောင်တဲ့ ကျီးတွေ၊ ဘယ်သူတွေကတော့ လက်ကိုင်တုတ်တွေ၊ ဘယ်သူတွေကတော့ အခွင့်အရေးသမားတွေ ဆိုတာ တော်တော်လေးတော့ ရှင်းရှင်းလင်းလင်း ဖြစ်လာပါပြီ။ စင်ဒရဲလားလေးနဲ့မှ တော်မယ့်ဖိနပ်ကို မိထွေးသမီးတွေစွပ်လို့ မတော်ဘူးဆိုတာလည်း ပြောတဲ့အတိုင်း ဖြစ်လာခဲ့တာပါပဲ။

နေ့ခင်းကြောင်တောင် အိပ်မက်မက်ခဲ့သူတွေလည်း အိပ်မက်က လန့်နိုးလာကြပြီ ထင်ပါတယ်။ လက်ဝေခံတို့၊ သာကူးတို့ဆိုတာကတော့ ခေတ်တိုင်း၊ နိုင်ငံတိုင်းက နိုင်ငံရေးနယ်ပယ်မှာ ရှိနေဦးမှာဆိုတော့ အဲဒါတော့ မတတ်နိုင်ဘူးပေါ့။ ကိုယ့်ဘာသာကိုယ် ကြည့်ရွေးကြပေါ့။

တစ်ခါအလိမ်ခံရရင် လိမ်တဲ့သူအပြစ်။ နှစ်ခါအလိမ်ခံရရင်တော့ အလိမ်ခံရတဲ့သူကိုက အတာ။ အလိမ် ခံရတဲ့သူ အပြစ်ဖြစ်သွားပြီ။ အဲဒီတော့ အလိမ်မခံရအောင် ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်ရင်ထဲ ရှိတဲ့အတိုင်း မှန်မှန်ကန်ကန် မဲပေးရုံနဲ့ မပြီးပါဘူး။ အဲဒီမဲတွေ မှန်မှန်ကန်ကန် ဖြစ်ဖို့ပါ အားလုံးက တတ်နိုင်သရွေ့ ၀ိုင်းဝန်းကြရမှာပါ။

ရွေးကောက်ပွဲ မသမာမှုဆိုတာ အစိုးရဘက်က ဖြစ်စေ၊ အတိုက်အခံတွေဘက်က ဖြစ်စေ ဘယ်ဘက်ကမဆို လုပ်နိုင်တာပါပဲ။ ၂၀၁၀ ပြည့်နှစ်တုန်းကတောင် အောင်ပွဲရ ကြံ့ခိုင်ရေး ပါတီကိုယ်တိုင်က တချို့ မဲဆန္ဒနယ်တွေမှာ သူတို့ကိုယ်စားလှယ်တွေ မဲ အလိမ်ခံရတယ်ဆိုတဲ့ ကိစ္စတွေ ကော်မရှင်ကို တိုင်ခဲ့ပါသေးတယ်။ ဒါကိုကြည့်ရင် မသမာမှုဆိုတာ ရှိနိုင်တယ်။ ဟိုဘက်ကရော၊ ဒီဘက်ကပါ ခံရနိုင်တယ်ဆိုတာ ရှင်းနေပါတယ်။

ဒီတော့ မဲဆိုတာ ဘယ်လိုခိုးလို့ ရတယ်၊ ဘယ်လို မသမာမှုလုပ်လို့ ရတယ်ဆိုတာကိုပါ သိထားရင် ပိုကောင်းပါလိမ့်မယ်။ ဒါမှအဲဒါတွေကို မဲဆန္ဒရှင်တွေက ဟန့်တားနိုင်မှာပါ။

မဲ မသမာမှုဆိုတာ အခြေခံအားဖြင့် ခွဲရင် နှစ်မျိုးရှိပါတယ်။ ပထမတစ်မျိုးက ကိုယ်စားလှယ်လောင်းတစ်ဦး မဲများအောင် မသမာမှုလုပ်တာ၊ နောက်တစ်မျိုးက ပြိုင်ဘက် ကိုယ်စားလှယ် မဲနည်းအောင် မသမာမှုလုပ်တာပါ။ ကျွန်တော်တို့က မဲခိုးတယ်၊ မဲခိုးတယ်ဆိုရင် ဒီဘက်ပုံး ထဲများအောင်လုပ်တာပဲ မျက်လုံးထဲ ပေါ်တတ်ကြတာ။ ဟိုဘက်ပုံးထဲ နည်းအောင်လုပ်ရင်လည်း ရနိုင်တယ်ဆိုတာကို သတိ မမူမိတတ်ကြဘူး။ မဲများအောင် လုပ်တယ်ဆိုတဲ့ နေရာမှာ မဲဝယ်တာ၊ သူများကိုပေးထားတဲ့ မဲကို ခိုးတာ၊ မဲလာမပေးတဲ့ သူရဲ့ မဲကို ကိုယ့်မဲ လုပ်ပစ်တာဆိုပြီး ရှိပါတယ်။ သေသွားတဲ့သူကိုတောင် မဲပေးဖို့ အတုမှတ်ပုံတင်ပြီး ထည့်တာ ရှိပါတယ်။ ဒါကတော့ ဖုတ်သွင်းမဲပေးနည်း (zombie voting)လို့ ခေါ်ရင်ကောင်းမယ်။

ကိုယ့်လူကို မဲရုံတွေပတ်ပြီး မဲထည့်ခိုင်းတာလည်း ရှိပါတယ်။ ဒီတစ်ယောက်ထဲက ဟိုမဲရုံလည်း အမည်ပေါက်၊ ဒီမဲရုံလည်း အမည်ပေါက်နေတာမျိုးပေါ့။ မကြာသေးခင်က ရုရှားရွေးကောက်ပွဲမှာ လူတွေကို ကားတွေနဲ့ တင်ပြီး အဲဒီလိုမျိုး မဲရုံတွေ ပတ်ထည့်ခိုင်းတာတဲ့။ အဲဒါကို ချားရဟတ် မဲခိုးနည်း carousel voting လို့ ခေါ်ပါတယ်။ ကျွန်တော်ကတော့ အဲဒါကို ချားစီးမဲခိုးနည်းပဲ ခေါ်ချင်ပါတယ်။ အဲဒီလိုပဲ ကိုယ်ရောက်နေတဲ့ နယ်မှာ လည်း အမည်ပေါက်၊ အဲဒီမှာ ကြိုတင်မဲထည့်ခဲ့ပြီးတော့ ကိုယ့်ဇာတိပြန်လာပြီး နောက်တစ်ခါထပ်ထည့်။ ဒါမျိုးလည်း ရှိပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သန်းခေါင်စာရင်း တစ်ပြိုင်နက်ကောက်ထားတာ မရှိလေတော့လည်း ခက်တာပါပဲ။

နောက်တစ်မျိုးကတော့ မဲပုံးချိန်း၊ မဲပုံးပေါင်းပေါ့။ ဒါမျိုးကတော့ မဲရုံကိုယ်စားလှယ်တွေ သိက္ခာရှိရင် လုပ်လို့ မလွယ်ပါဘူး။ မဲရုံတွေက သေးသေး သေးသေးနဲ့ အများကြီးဖြစ်နေပြီး သိက္ခာရှိတဲ့သူက နည်းနေရင်တော့ ပြဿနာရှိပါတယ်။ ပြိုင်ဘက်ကိုယ်စားလှယ်ရဲ့ မဲနည်းအောင် လုပ်တဲ့အကြောင်း ပြောရပါဦးမယ်။ အဲဒါကတော့ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တဲ့နည်းက အဓိကပေါ့။ မင်းအဲဒီလူကိုပေးရင် ဘာဖြစ်သွားမယ်။ ဘာညာပေါ့။

နောက်တစ်နည်းက မဲရုံနားမှာ အကြမ်းဖက်မှုတွေဖြစ်အောင် လုပ်ပြီး လူတွေမဲလာ မပေးကြအောင် လုပ်တာပါ။ ပြီးတော့ ပြိုင်ဘက်ကိုယ်စားလှယ်ရတဲ့ မဲတွေကို ပယ်မဲထဲ များများထည့်ပစ်လိုက်တာပါ။ အမှန်ခြစ်က မပီသဘူး၊မှန်သလို မှားသလို ဖြစ်နေတယ် ဘာညာပေါ့။

ရိုးရှင်းပြီး တစ်ခေတ်တစ်ခါက အနောက်နိုင်ငံတွေမှာတောင် အသုံးများတဲ့ မဲမသမာတဲ့ နည်းတစ်နည်းလည်း ရှိပါသေးတယ်။ ဒါကတော့ ကျွန်တော်တို့ ပြောပြောနေတဲ့ ''မာကင်'' နည်းပဲ။ လျို့ဝှက် မဲ ပေးရပေမဲ့ ကိုယ်ဘယ်သူ့ကို ပေးတယ်ဆိုတာ သိသွားအောင် မဲ မှာ အမှတ်အသားလုပ်တဲ့ နည်းပေါ့။ အဲဒီတော့ ဟိုလူ့ကို ငါပေးမှန်းသိရင် ငါ့ကိုများ ဒုက္ခပေးလေမလားဆိုပြီး ကြောက်ကြတာပေါ့။ အမှန်တော့ ရဲရင့်တဲ့သူများရင် ဘာမှလုပ်လို့မရပါဘူး။


ကြားဖြတ် ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်ကမလှ ဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။ မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ ပြန်လာပါလိမ့်မယ် . . .

နောက်ဆုံးတစ်မျိုးကတော့ ကြိုတင် မဲ တွေကို မသမာမှုလုပ်တဲ့ နည်းပါ။ အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်းတွေဟာ မဲ ပေးတဲ့နေ့မှာ တာဝန်ကျနေရင် လာပေးဖို့ မလွယ်ပါဘူး။ တချို့ဆို မဲရုံ ၀န်ထမ်းလည်း လုပ်ရတော့ အဲဒီအချိန်ကျမှ ပေးဖို့ ဘယ်လွယ်မလဲ။ အဲဒီတော့ သူတို့လည်း မဲမပေးရ မရှိစေရအောင် ဒီလိုလုပ်ပေးထားတာပါ။ ဒါပေမဲ့ ကြိုတင်မဲက လာပေးတဲ့မဲလောက်၊ ဒါမမဟုတ် လာပေးတဲ့မဲထက် များနေရင်တော့ မူမမှန်ဘူးပေါ့။ ''မာကင်''လုပ်ထားတဲ့ ကြိုတင်မဲ ဆိုရင်တော့လည်း ဘယ်လာတရားတော့မှာလဲ။ မဲပေးတာတောင် တရားမျှတမှုမရှိရင် ဘယ်လာဒီမိုကရေစီ ဖြစ်တော့မှာလဲ။ ကြိုတင်မဲပေးလည်း လွတ်လွတ်လပ်လပ် လျို့ဝှက်စွာ ပေးခွင့်ရှိအောင် လုပ်ပေးကြဖို့ လိုပါတယ်။

လာပေးနိုင်တဲ့သူများအဖို့မှာ တော့လာပေးကြတာပဲ ကောင်းပါတယ်။ မဲရုံရှေ့မှာ တန်းစီရတာ ပျော်စရာမဟုတ်လား။ ပေးရမယ့် မဲရုံနဲ့ စာရင်းကိုတော့ ပေးမယ့်နေ့မတိုင်ခင်ကတည်းက ကြိုစစ်ဖို့ လိုပါလိမ့်မယ်။ နာမည် မှားတာ၊ နှစ်နေရာမှာ ပါနေတာ၊ ပါကိုမလာတာ စသဖြင့် စစ်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။

မဲရေတွက်မှုမှာလည်း တရားမျှတဖို့ စောင့်ကြည့်ရမယ့် နှစ်ဆင့် ရှိပါတယ်။ ဥပဒေအတိုင်း ကြိုတင်မဲတွေကို မဲရုံမဖွင့်မီ အများရှေ့မှာ ရေတွက်ဖို့၊ အဲဒီမဲတွေဟာ ရှိသင့်တာထက် မများဖို့၊ မဲရုံပိတ်ခါနီးမှ ကြိုတင်မဲတွေ ရောက်လာတာမျိုး မရှိဖို့ စောင့်ကြည့်ခွင့် ရှိရပါမယ်။ နောက်တစ်ချက်ကတော့ မဲရေတွက်ရာမှာ ထင်သာမြင်သာရှိဖို့ပါ။

များသောအားဖြင့် နယ်က မဲရုံတွေက ခြံဝင်းရှိတဲ့ အဆောက်အအုံထဲမှာထားပြီး မဲရေချိန် ခြံထဲတောင် ၀င်မရတာမျိုးက မဖြစ်သင့်ပါဘူး။ ခပ်လှမ်းလှမ်းကပဲဖြစ်ဖြစ် ရပ်ကြည့်ခွင့် ပေးသင့်ပြီး အားလုံးရှေ့မှာ ရေတွက်သင့် ပါတယ်။ ကျေးရွာများတဲ့ နယ်တွေမှာ ဆိုရင် မဲရုံတွေက အရမ်းများတာကြောင့် သက်ဆိုင်ရာပါတီက မဲရုံစောင့်သူတွေတင် မကဘဲ ရပ်မိရပ်ဖတွေ ပြည်သူတွေအားလုံးက စောင့်ကြည့်ဖို့ လိုမယ်ထင်ပါတယ်။
အခု ရွေးကောက်ပွဲဟာ ခွပ်ဒေါင်းနဲ့ ခြင်္သေ့ အားပြိုင်ပွဲ မဟုတ်ပါဘူး။ အဲဒီထက် ပိုအရေးပါပါတယ်။

အာဏာအပြောင်းအလဲမဖြစ်နိုင်တဲ့ မဲဆန္ဒနယ် အနည်းငယ်ပဲ ပါတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာတောင် တရားမျှတမှုမရှိရင်တော့ အနာဂတ်က မလှဖြစ်သွားပါလိမ့်မယ်။ နိုင်ခြင်း ရှုံးခြင်းထက် တရားမျှတမှု ရှိ၊ မရှိက ပိုအရေးပါပါတယ်။

မဲရုံတွေမှာ ဒီမိုကရေစီမရှိရင်တော့ ကြေကွဲစရာသမိုင်းဟာ တစ်ကျော့ပြန်လာပါလိမ့်မယ်။

Wednesday, February 22, 2012

အမှားများနဲ့ နေသားကျနေတဲ့လူ

ပြောရရင်တော့ ခရီးထွက်ခဲ့မိတာက စရမှာ။ အောင်မင်္ဂလာ အဝေးပြေးဂိတ်သွားဖို့ တက္ကစီကားငှားပြီး လာခဲ့တယ်။ ဟိုမေး ဒီမေး ဟိုပြော ဒီပြောလုပ်တတ်တာက အသက်ကြီးမှ ဖြစ်လာတဲ့အကျင့်တစ်ခု။

လမ်းမှာကတည်းက ယာဉ်မောင်းက နားကြားပြင်းကပ်နေလောက်ပြီ။ ''ဟာ ဟိုကားက လိုင်းမှားနေတယ်''၊ ''တယ် ဒီကောင်လေး ကွေ့ကြောကနေ တည့်တည့်ထွက်ပြန်ပြီ'' ''အချက်မပြဘဲနဲ့ ဒီလိုချက်ချင်းရပ်လို့ရမလား'' ဘာညာတွေက များတာကိုး။ တော်တော်လေးကြားပြီးချိန်မှာ ယာဉ်မောင်းက တစ်ခွန်းပြောတယ် ''ဆရာကြီး လူတွေတော်တော်များ များက ဒီလိုဘဲမောင်းနေကြတာ''တဲ့။ ဒါနဲ့ ကိုယ်ကပိုက်ဆံပေး ငှားလာတဲ့ယာဉ်မောင်းက ကြာရင် အမြင်ကပ်ရော့မယ်ဆိုပြီး ပါးစပ်ကို ဘရိတ်အုပ်ခဲ့ရတယ်။ အောင်မင်္ဂလာ ၀င်ပါရော။

''ဆရာကြီး ဘယ်ဂိတ်လဲ'' ယာဉ်မောင်းရဲ့အမေးကို သွက်သွက်လက်လက်လေး ဖြေပေးလိုက်တယ်။ ''အီလစ် အီလစ်။''ယာဉ်မောင်းရဲ့မျက်နှာမှာ နည်းနည်းရှုပ်သွားပုံပေါ်တယ်။ သေသေချာချာ မကြားမိတာ လည်းဖြစ်နိုင်တာပါပဲ။ ''ဆရာကြီးလက်မှတ်လေးပြပါဦး''တဲ့။ လက်မှတ်လည်းပြလိုက်ရော ''ဟာ ဆရာကြီးကလည်း အီလိုက်ဆိုပြောရင် သိတာပေါ့ဗျာ။ ဒီမှာရေးထားတယ်လေ အီး အယ် အိုင် တီ အီး မတွေ့ဘူး လား။''မောင်စံပေါလည်း အင်္ဂလိပ်စာလေးတောင် မှန်အောင်အသံမထွက်တတ်တဲ့ကောင် ဖြစ်သွားတယ်။ ဖြတ်ကနဲ ''အီလိုက် မဟုတ်ဘူးကွ သူငယ်ချင်းရ အီလစ်လို့ အသံထွက်တယ်'' ဆိုပြီး အမှန်ပြင်ပေးခဲ့တဲ့ နိုင်ငံခြားပြန် ပါရဂူသူငယ်ချင်းရဲ့ မျက်နှာကို ပြေးမြင်မိတယ်။ ငါအမှန်အသံထွက်မိတာများ မှားသွားလေသလား။

(၂)

မောင်စံပေါတို့ အင်မတန်ဂုဏ်ယူတဲ့ ယဉ်ကျေးမှုမြို့တော်ကြီးကို ၀င်ဖြစ်ပါတယ်။ ယာဉ်မောင်းကတော့ သူ့အလုပ်ကို သူလုပ်လို့ တည်တည်ငြိမ်ငြိမ်ပါပဲ။ မတည်ငြိမ်တာက ဟောဒီ ကောင် ''စိတ်'' ထဲနေက မောင်းလိုက်၊ လီဗာနင်းလိုက်၊ ဘရိတ်အုပ်လိုက်၊ စတီယာရင်ဘီးကို ဟိုလှည့်လိုက် ဒီလှည့်လိုက်။ တိုက်မိတာတွေနဲ့ မနည်းမနော။

စီးပွားရေးမြို့တော်ကြီးကနေ အကျင့်ပါလာတာတွေက ဇာတိပွတ်တိပြချင်လာတယ်။ ''ဟာ ဒီကောင်'' ''သယ်ဒီကောင်မလေးနှယ်'' မအေတွေ နှမတွေ မထွက်တောင်မှ လွှတ်ကနဲပြောမိတာတွေက မနည်း မနော။ ယာဉ်မောင်းဆရာလေးက တော့ အေးအေးဆေးဆေးပါပဲ။ဖြတ်ထွက်သလား ဖြတ်ထွက် ဘရက်ပေါ့။ ရပ်စောင့်တယ်။ ဖြတ်ဝင်သလား ဖြတ်ဝင်ဘရင်ပေါ့ အေးအေးဆေးဆေးပါ။ ဖြတ်ကွေ့သလား။ ဖြတ်ကွေ့ဘရွေ့ပေါ့၊ ငါလည်းကွေ့ချင်ကွေ့မှာ။ လမ်းပြောင်းပြန်မောင်းသလား။ မောင်းဘရောင်းပေါ့၊ မအောင်းအောင်ရှောင်။ ရုတ်တရက် ရပ်တယ်။ ရပ် ဘရတ်ပေါ့။ သူ့ကားနဲ့ ကိုယ့်ကား မထပ်ဖို့ပဲလိုတယ်။ ငယ်ငယ်တုန်းက ခေတ်စားဖူးတဲ့ ဘန်းစကားလေးတွေနဲ့ ဖြေလိုက်တော့ပြီးရော။

ညစာစားချိန် စကားပြောဖြစ်တော့ ခွဲစိတ်ကုဆရာဝန်ကြီးတစ်ယောက်က သူ့အတွေ့အကြုံတွေ ဖောက်သည်ချတယ်။ ''ကျွန်တော့်ဗျာ ရောက်ခါစက ကားမောင်းတာဗျာ။ တိုက်လိုက်တာ တဒုန်းဒုန်းနဲ့၊ တကယ်တိုက်တာတော့ မဟုတ်ဘူးပေါ့ဗျာ။ စိတ်ထဲကနေ တိုက်တာ။ ခွဲခန်းဝင်ရတာထက် ဆယ်ဆမက ပင်ပန်းသဗျ။ နဖူးကချွေးတွေပြန်၊ လက်ဖ၀ါးတွေလည်းစီးနဲ့။ နောက်တော့ ကြောင်ရှိတက်ကနိနဲ့ပဲမောင်းမှ ဟုတ်သွားသဗျ။ ကြောင်ရှိဆိုတာ ဂန္ဓာလရာဇ် ဆရာကြီးမထင်နဲ့၊ ကိုယ်ကြောင်မရှိရင် သူကြောင်ရှိလိမ့်မယ်။ ဒါပဲ။ အဲဒီတော့မှ အလုပ်ဖြစ်သွားတာ''တဲ့။ နိုင်ငံခြားပြန် ပညာတတ်ပါရဂူဆရာကြီး လမ်းပေါ်မှာ ကျဆုံးခန်းပေါ့ဗျာ။


ဆရာကိုပြေးကြိုလို့၊ ခြင်းတောင်းကူသယ်ပေးလို့ အပြစ်တစ်စုံတစ်ရာရှိလာတဲ့အခါ လျော့ပေါ့တာမရှိဘူး။ ကျောင်းမှာ စာမလိုက်နိုင်တဲ့ ကလေးတွေကို စာမေးပွဲအောင်စေရေးအတွက် အိမ်မှာ သပ်သပ်ခေါ်သင်ပေးတယ်။
(၃)

ပြောရဦးမယ်။ ကျုပ်တို့အမျိုးတွေ ကြောက်တတ်ပုံ။ မမြင်ရတဲ့ တစ္ဆေ၊ သူရဲတွေကိုကြောက်တာတော့ ရိုးပေါ့လို့ ဘယ့်နှယ်ဗျာ ရုံးကြောက်ရတယ်လို့။ ဒါကလည်း ဟိုအရင်နှာခေါင်းရှည် မျက်နှာနီကိုယ်တော်ကြီးများ ပြုစားထားခဲ့တာတွေ ကျန်နေသေးတာ ဖြစ်ချင်ဖြစ်မှာ။ အစိုးရတဲ့၊ အစိုးရရုံးတဲ့၊အစိုးရအမှုထမ်းတဲ့။ အစိုးရအရာရှိတဲ့။ မင်းစိုးရာဇာတဲ့။ အစိုးရဆိုတာ ပြည်သူရှိလို့ ဖြစ်တာဗျ။ ရုံးတို့၊ အမှုထမ်းတို့၊ အရာထမ်းတို့ဆိုတာလည်း အတူတူပါပဲဗျာ။ အားလုံးဟာ နိုင်ငံ့ဝန်ထမ်းတွေ၊ နိုင်ငံတာဝန်ကိုထမ်းရသူတွေ၊ နိုင်ငံဆိုတာ ပြည်သူရှိမှဖြစ်တာ။ ပြည်သူ့ဝန်ထမ်းတွေပေါ့ဗျာ။ ပြည်သူ့ဝန်ထမ်းဆိုတာ ပြည်သူတွေကို အလုပ်အကျွေးပြုရမှာ။ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးရမှာ။ ဒါတာဝန်။

အခုတော့ဗျာ။ ဘယ်တုန်းက ဘယ်သူတွေက ခြောက်ခဲ့လှန့်ခဲ့သလဲတော့ မသိဘူး။ သာမန်ကိစ္စလေးတွေအတွက် ရုံးသွားရတာတောင် ကြောက်ကြသဗျား။ မေးရမြန်းရမှာ တွန့်ကြသဗျား။ ရုံးကလူတွေကလည်း (အားလုံးမဟုတ်တောင်) အပေါက်စောင့်လိုမျိုး၊ ရုံးလုလင်လိုမျိုးကအစ မျက်နှာထားတွေက မာန်တွေဟန်တွေပြည့်ကြပါရဲ့။ အရာရှိတွေတော့ ထားပါတော့၊ အများနဲ့ ဆက်ဆံရတဲ့နေရာတွေမှာ ပိုများဆိုးနေသလား။
လူတွေကလည်းကြောက်တော့ လူငှားတယ်။ ပါးစပ်ငှားတယ်။ အဲဒီမှာတင်ပွဲစားဆိုတဲ့ ကြားခံလူများပေါ်လာတယ်။ ဘာဖြစ်လဲ။ ပြည်သူတွေမှာ အချိန်ကုန်ရုံသာမက မလိုလားအပ်တဲ့ ပိုက်ဆံပိုကုန်ရတယ်။ ဒီကြားထဲ အဲဒီကြားပုဂ္ဂိုလ်များ ခလောက်ဆန်လို့ ဌာနဆိုင်ရာများမှာလည်း နာမည်ပျက်၊ ပြည်သူတွေမှာလည်း အလုပ်မပြီး ခရီးမတွင်တာတွေ အများကြီး။ တစ်ရက်နဲ့အပြီးဆို သတင်းစာထဲမှာ ပါသလဟာတောင်မှ နှစ်ချီသွားကြတာတွေကလည်း မျက်စေ့ရှေ့မှာ။

(၄)

တစ်လောက မတွေ့တာကြာပြီဖြစ်တဲ့ ပင်စင်စားနောင်တော်ကြီးတစ်ယောက်နဲ့ တွေ့ဖြစ်တယ်။ သူကလည်း ၀မ်းပန်းတသာနဲ့ ကိုယ်တိုင်ကားမောင်းပြီး ဘုရားဖူးလိုက်ပို့ရှာတယ်။ သူ့ရဲ့မြေးချစ်လေး မူကြိုကျောင်းသားလည်း အတူပါလာတယ်။ အဖိုးကလည်း ဒီခေတ်ကလေးတွေ လည်ပုံ၊ ပါးနပ်ပုံ၊ တော်ပုံတွေ ပြောပတယ်။ သူ့မြေးက နမူနာပေါ့။ ဒီလိုနဲ့ သွားရင်းမီးပွိုင့်တစ်ခုမှာ အဖိုးက ကားကိုရပ်လိုက်တယ်။ မီးနီပေမယ့် ကားကရှင်းနေတယ်။ ''ဖိုးဖိုးမောင်းလေ ကားတွေရှင်းနေတာပဲဟာ''၊ ''မရဘူးမြေးရဲ့ မီးနီနေတယ်။ ရဲကြီးဖမ်းလိမ့်မယ်''၊ ''ဟာ ဖိုးဖိုးကလည်း ပိုက်ဆံပေးလိုက်ပေါ့'' တဲ့ မြေးအဖိုးနှစ်ယောက် အပြန်အလှန်ပြောကြတယ်။''အဲဒါပဲကြည့်တော့ ညီလေးရေ။ ဒီခေတ်ကလေးတွေ ကိုယ်တို့နဲ့ ကွာပုံ''၊ အစ်ကိုကြီးရဲ့ ရီပြုံးပြုံးနဲ့ ပြောပုံက မြေးအတွက်ပဲ ကျေနပ်နေသလိုလို။ အစ်ကိုကြီး မှားနေပြီထင်တယ်။

(၅)

ကြားဖူးနားဝ ပါတီကောင်စီခေတ်က ပုံပြင်တစ်ခုပြန်ပြောပါရစေ။ မြို့ကြီးတစ်မြို့က ရုံးပေါင်းစုံဝင်းထဲမှာ တရုတ်ကြီးတစ်ယောက်ရဲ့ ခေါက်ဆွဲဆိုင်ရှိတယ်။ ပါတီယူနစ်ဥက္ကဋ္ဌ အသစ်တစ်ယောက် ပြောင်းသွားတယ်။ ဥက္ကဋ္ဌကြီးက အင်မတန် မှ တော်တည့်ဖြောင့်မှန်တယ်ပေါ့ဗျာ။ ဌာနဆိုင်ရာတွေကလည်း ကြောက်မှကြောက်ပေါ့။

တရုတ်ကြီးကဥက္ကဋ္ဌကြီးဆီ နေ့လယ်ဆို ခေါက်ဆွဲကြော်တစ်ပွဲ မှန်မှန်ပို့ပေးတယ်။ ဥက္ကဋ္ဌကြီးကလည်း မှန်မှန်ပြန်ပေးခိုင်းတယ်။ တစ်ပတ်လောက်လည်းရှိရော ''အဲဒီခေါက်ဆွဲရောင်းတဲ့ကောင်ကို ခေါ်လိုက်စမ်း။ ဘာကိစ္စနဲ့ ခေါက်ဆွဲ ကြော်တွေပို့ နေရတာလဲ'' ဖြစ်ပါရော။ တရုတ်ကြီးကလည်း ''ဘာကိစ္စမှမရှိပါဘူးခင်ဗျာ။ ဥက္ကဋ္ဌကြီးကို ကြည်ညိုလို့ စားဦးစားဖျားကန်တော့တဲ့အနေနဲ့ ပို့တာပါ'' ပေါ့။ မြန်မာပြည်မှာ အနေကြာတော့လည်း မြန်မာရည်လည်ပြီး မြန်မာဖြစ်နေပြီပေါ့ဗျာ။

ဒါနဲ့ ဥက္ကဋ္ဌကြီးလည်း ကျေနပ်သွားတာပေါ့။ ရတယ်အိုကေ ခေါက်ဆွဲကြော် ဒစ်ပလိုမေစီ ဆိုရမလားပဲ။ ဒီလိုနဲ့ တစ်နှစ်ကျော်ကြာရော ဆိုပါစို့။ တစ်ရက်သားလှတော့ တရုတ်ကြီး ခေါက်ဆွဲကြော်လာပို့တာ မျက်နှာက မကောင်းဘူး။ ဒါနဲ့ ဥက္ကဋ္ဌကြီးကမေး တာပေါ့၊ တရုတ်ကြီး နေမကောင်းဘူးလား ဘာညာပေါ့။ ''မဟုတ်ပါဘူး ဥက္ကဋ္ဌကြီးရယ် သမီးလေးကိစ္စကြောင့်ပါ'' ''သမီးဘာဖြစ်လို့လဲ''၊ ''သမီး အတွက် မှတ်ပုံတင်လုပ်တာ နိုင်ငံခြားသားဆိုပြီး ပြဿနာလုပ်နေလို့ပါ သမီးပညာရေးကလည်း ရှိသေးတယ်မဟုတ်လား ဥက္ကဋ္ဌကြီးရယ်''၊ ''အောင်မာ ဒါလေးများ မြန်မာပြည်မှာ မွေးတာမဟုတ်ဘူးလား။ ခေါ်စမ်း လ၀က ဦးစီးမှူး'' ဆိုပြီး တရုတ်ကြီး သမီးလေး မပုတင် ရသွားဆိုပဲ။ ပုံပြောတဲ့ဆရာက ထပ်ဖြည့်ပါတယ်။ မပုတင်ဆိုတာက သေးသေး လေးရယ်။ အကြီးကြီးတွေ ခေတ်အဆက်ဆက်မှာ အများကြီးရှိတယ်တဲ့။ များလွန်းပြီး လွန်အားကြီးသွားရင်တော့ ပြဿနာ။

(၆)

မောင်စံပေါတို့က သစ်တောမျိုးရိုးပြောရင်ရတယ်။ အဖေ့ဆီက နေကြားဖူးတဲ့ သစ်တောအကြောင်း၊ သစ်တောကလူကြီးတွေအကြောင်းတွေ အများကြီး။ အဲဒီအထဲက အင်္ဂလိပ်ခေတ်က သစ်တောမင်းကြီးတစ်ယောက်အကြောင်း သတိရမိတယ်။

အဲဒီမင်းကြီးက အလုပ်လုပ်ကိုင်ရာမှာ စည်းကမ်းစနစ်တကျ အင်မတန်ရှိသတဲ့။ အလုပ်လည်း အရမ်းလုပ်တယ်။ မိန်းမကိစ္စဘာညာလည်း မရှိဘူးတဲ့။ နယ်တွေကို အလုပ်ကိစ္စနဲ့သွားရင် ညတွေမှာ တပည့်တွေနဲ့ ပိုကာဒေါင်းသတဲ့။ ၀ီစကီလေးသောက်လိုက်၊ အမြည်းလေးစားလိုက်နဲ့ ဖဲပွင့်လေးတွေ ပွတ်ရတာ အရမ်းဝါသနာပါဆိုပဲ။ ပိုကာဒေါင်းရာမှာ သူ့တပည့်တွေက ဒေါင်းသွားလို့ကတော့ နဂိုကနီတဲ့မျက်နှာက ပိုနီလာပြီးနှာခေါင်း က ပိုရှည်လာသတဲ့။ ဒမ်တွေ၊ သံ ကျွတ်တွေ ပါစပ်ကထွက်လာရင် သတိထားရော့ဆိုပဲ။ အဲသူရှုံးလာပြီ မဒေါင်းတာကြာပြီဆိုရင် ဒေါင်းပြီကွဆိုပြီး လက်ထဲကဖဲတွေဖြန့်ခင်းပြီး ဖဲအားလုံးကို ကောက်သိမ်း ကုလားဖန်ထိုးပါရော။ ကြာတော့ တပည့်တွေလည်း အလိုက်သိတတ်လာရတာ ပေါ့။ လက်ထဲက အထွေဖြစ်ပြီးသားတွေကိုပစ်ချ။ ဒေါင်းနေရက်နဲ့ ကိုင်ထားလုပ်ကြရတာပေါ့။ ဒါမှ မင်းကြီးက သဘောကျမှာကိုး။ အဲဒီမင်းကြီး ပြောလေ့ရှိတဲ့ စကားတစ်ခွန်းရှိတယ်။ 'Never outshine the master' တဲ့။

တောခေါင်းကြီးတစ်ယောက်က ပြောတယ်။ ''လာသမျှလူကြီးတွေ တော်ကြောင်းတတ်ကြောင်း လေးစားကြည်ညိုစရာကောင်းကြောင်း ပြောရင်း ဖားရင်းငါတို့တွေလည်း ပိုပိုပြီး ညံ့ကုန်ကြတော့တာကွ'' တဲ့။

(၇)

'မူလတန်း ဆရာ၊ ဆရာမများ သည်နိုင်ငံတော်ကိုတည်ဆောက်ကြ သူများဖြစ်သည်' တဲ့။

မောင်စံပေါတို့ ငယ်ငယ်တုန်းက မူလတန်းကျောင်းတက်ခဲ့ရတာ လွှတ်ပျော်စရာကောင်းတယ်။ မနက်ကျောင်းတက်ချိန်မှာ စုဝေးတန်းစီပြီး နိုင်ငံတော်သီချင်းဆိုကြတယ်။ သစ္စာဓိဋ္ဌာန်ရွတ်ကြတယ်။ ကျောင်းအုပ်ဆရာကြီးက မှတ်သားစရာ၊ အကျိုး ရှိမယ့် အကြောင်းအရာ တစ်စုံတစ်ခု ပြောပြတယ်။ ဆုံးမစကားပဲပြောပြော မနက်ခင်းသြ၀ါဒပဲဆိုဆို ကလေးတွေရဲ့ ရင်ထဲကို ဆရာကြီးပေးချင်တဲ့ အကြောင်းခြင်းရာတွေက ရောက်သွားတယ်။ အတန်းပိုင်ဆရာမတွေလည်း အတူတူပါပဲ။

ပန်းပေးတဲ့ကလေးကို ကျေးဇူးတင်စကားဆိုမယ်။ ပန်းကလေးရဲ့အလှနဲ့ရနံ့ကို ချီးမွမ်းမယ်။ ဒါပဲ ဒီလောက်ပဲ။ ပန်းပေးလို့ အမှတ်ပိုရမယ်မအောက်မေ့နဲ့။

ဆရာကို ပြေးကြိုလို့၊ ခြင်းတောင်းကူသယ်ပေးလို့ အပြစ်တစ်စုံတစ်ရာရှိလာတဲ့အခါ လျော့ပေါ့တာမရှိဘူး။ ကျောင်းမှာ စာမလိုက်နိုင်တဲ့ကလေးတွေကို စာမေးပွဲအောင်စေရေးအတွက် အိမ်မှာသပ်သပ် ခေါ်သင်ပေးတယ်။ ထူးချွန်တဲ့ကလေးတွေကို ပိုတော်အောင်၊ ပညာရည်ချွန် ပြိုင်ပွဲတွေမှာ ပြိုင်ရင်း အရည်အချင်း အဆင့်အတန်း ပိုမြင့်အောင်သီးခြားသင်ပေးလေ့ကျင့်ပေးတယ်။ မြန်မာစာ စာစီစာကုံးအတွက် စံပြစာစီစာကုံးတွေဟာ ကလေးတွေရဲ့ စိတ်ဓာတ်ရေးရာကို ကောင်းမွန်စွာ ဖွံ့ဖြိုးလာအောင်တစ်ဖက်ကနေ ပျိုးထောင်ပေးခဲ့တာပေါ့။ 'တတ်ဖို့မလိုဘူး နပ်ဖို့ပဲ လိုတယ်' ဆိုတဲ့ဆောင်ပုဒ်နဲ့အတူ လူပေါ်လူဇော်တွေ တွေ့လာရတဲ့အခါ ဆရာကြီး၊ ဆရာမကြီးများ ငါတို့သင်တာမှားခဲ့လေသလားရယ်လို့ မျက်စေ့တွေလည်ပြန်ရော။ ဆရာကြီး ဆရာမကြီးရဲ့ ကျောင်းကလေးတွေမှာ ပုံစံတွေပြောင်းနေတာ မြင်ရတော့လည်း ငါတို့တစ်တွေခေတ်ကနဲ့ မတူတော့ပါလားဆိုပြီး ဘုရားတ ကြရပြန်ရော။''သင်္ချာမှာ အနှုတ်နှစ်ခုမြှောက်ရင် အပေါင်းဖြစ်တယ်၊ တောထဲမှာ လမ်းနှစ်ခါမှားရင် လမ်းမှန်ရောက်ချင်ရောက်မယ်။ ဘ၀မှာတော့ တစ်ခါကနှစ်ခါမှားရင် ပိုဆိုးဖို့ပဲရှိသပေါ့ကွာ''တဲ့ ဆရာကြီးတစ်ယောက်ပြော ခဲ့တယ်။

မောင်စံပေါတို့ လက်တွေ့ကွင်းဆင်းချိန်မှာ ညနေခင်းဆရာတပည့်တွေ ပြန်စုဝေးပြီး ၀ိုင်းဖွဲ့ကြတာတွေးမိတိုင်း လွမ်းစရာ။ ဆရာကြီးများကလည်း သူတို့ရဲ့ ဖြတ်သန်းခဲ့တဲ့ဘ၀ အတွေ့အကြုံတွေ မျှဝေတယ်။
ကျောင်းပညာတွေကို လက်တွေ့နဲ့ ပေါင်းပြီး ပိုပြည့်စုံစေတယ်။

ဆရာကြီးတွေ တစ်နှစ်တစ်ယောက် ပြောင်းသွားတယ်။ တတိယနှစ် လက်တွေ့ကွင်းဆင်းတုန်းက ဒီဆရာကြီး။ စတုတ္ထနှစ်ရောက်တော့ ဟိုဆရာကြီး။ ပဉ္စမနှစ်မှာတခြား ဆရာကြီးစသဖြင့် ဆရာကြီးတွေမတူကြပေမယ့် တူညီတာက ဆရာကြီး တွေရဲ့စေတနာမွန်။ တပည့်တွေကို တကယ်တတ် ကျွမ်းနားလည်ပြီး အလုပ်အပေါ်မှာ သစ္စာရှိတဲ့အရာရှိကောင်းများ ဖြစ်စေချင်တဲ့ ဦးတည်ချက်၊ ကောက်ကျစ်စဉ်းလဲမှုကင်းစွာ မှန်မှန်ကန်ကန်၊ ရိုးရိုးဖြောင့်ဖြောင့်နဲ့ နိုင်ငံကို အလုပ်အကျွေးပြုသူများအဖြစ် ဂုဏ်ယူချင်တဲ့ဆန္ဒ။

တပည့်တွေထဲမှာ ကံဇာတ်ဆရာ ကကြိုးဆွဲတာလွဲတော့ ဆရာကြီးတွေ သင်ကြားလေ့ကျင့်ပေးခဲ့သမျှကို ပြောင်းပြန်လုပ်ပြီး သိုင်းပြောင်းပြန် ပါရဂူကြီးတွေထွက်လာတာတွေ့ရတော့ စိတ်မကောင်းဖြစ်ကြရတယ်။ ဘ၀နေ၀င်ချိန်ကို ချို့တဲ့စွာ ဖြတ်သန်း နေတဲ့ ဆရာကြီးတစ်ယောက်ကို အဲဒီတပည့်တွေထဲက တစ်ယောက်ကသွား ကန်တော့တယ်။ ဆရာကြီးက ၀မ်းသာစွာနဲ့ ဆုတွေပေးတယ်။ ၀မ်းနည်းစွာနဲ့ ငွေကြေး ကန်တော့တာတွေကို ပြန်ပေးလိုက်တယ်။

(၉)

ဟိုတချိန်တုန်းက လူရည်ချွန် စီမံကိန်းဆိုတာ ရှိခဲ့ဖူးပါတယ်။ အင်မတန်မှသန့်ရှင်းမျှတ ဖြောင့်မှန်စွာနဲ့ ရွေးချယ်ချီးမြှင့်ခဲ့တဲ့ စီမံကိန်းကြီးပါ။ ကျောင်းစာထူးချွန်တဲ့ ထိပ်ဆုံးက ကျောင်းသားကျောင်းသူတွေကို ကျောင်းစာဗဟုသုတ၊ အားကစား၊ ဖွံ့ဖြိုးရေး ဆောင်ရွက်မှု၊ နှုတ်ဖြေစသဖြင့် ဘက်ပေါင်းစုံကနေ အဆင့်ဆင့် စစ်ဆေးရွေးချယ်တယ်။ သတ္တမတန်းကနေ တက္ကသိုလ်စတုတ္ထနှစ် အထိရွေးတယ်။ အဲဒီခေတ်က လူရည်ချွန်ဆိုတာ လူငယ်တွေကြားထဲမှာ စံပြသဖွယ် သူတို့ရဲ့စိတ်ထဲမှာလည်း နိုင်ငံတော်တည်ဆောက်ရေးတွေမှာ ဘယ်လိုပါကြမယ်၊ ဘယ်လိုစွမ်းဆောင်ကြမယ်၊ သန္နိဋ္ဌာန်တွေချလို့ပေါ့။ လူရည်ချွန် သူငယ်ချင်းတစ်ယောက်က ပြောတယ်။ ''လူရည်ချွန် ရစဉ်ကာလတုန်းကတော့လည်း အဲဒီလိုမျိုးစိတ်တွေ တကယ်ရှိခဲ့ကြတာကွ။ နှစ်တွေကြာပြီဆိုတော့လည်း ပြောင်းချင်ပြောင်းကြမှာပေါ့ကွာ'' သတဲ့။

'စွမ်း' နိုင်တဲ့နေရာမှာ ရောက်နေတဲ့လူတွေ ရည်မှန်းချက်တွေ ပေါက်မြောက်အောင် 'ဆောင်' ကြဉ်းကြဖို့ လိုပါတယ်။ မောင်စံပေါလေရှည်တာ တော်တော်များသွားပြီ။ မနေနိုင်မထိုင်နိုင်ရေးပြီး နံဘေးချထားတဲ့ စာရွက်တစ်ထပ်ကို သူငယ်ချင်းတစ်ယောက်က ဘာတွေလဲဟဆိုပြီး ကောက်ဖတ်တယ်။ ဖတ်ရင်း ခေါင်းတရမ်းရမ်းနဲ့ ဖတ်လို့လည်းပြီးရော တုံးတိတိမေးခွန်းတစ်ခု မေးတယ်။''အဲဒီတော့ ခင်ဗျားက ဘာလုပ်ချင်သလဲ''တဲ့။ ''ခင်ဗျာ''လို့ဆိုတော့ ''ခင်ဗျားက မှားနေတာတွေလို့ ခင်ဗျားထင်တာတွေကို ရေးထားတာ ဘာရည်ရွယ်ချက်နဲ့လဲ။ ပြင်စေချင်လို့လား။ ပြင်စေချင်ရင် ကျုပ်ထပ် ဖြည့်ပြောပြချင်တယ်။ အများကြီးရှိတယ်။ နယ်ပယ် အသီးသီးမှာ အများကြီး။ ခင်ဗျားကိုယ် ခင်ဗျားရော မှန် တယ်ထင်လို့လား။ သူ့ဘာသာ အဆင်ပြေနေတာတွေကို ခင်ဗျားမို့ အားအားယားယားဗျာ'' ရေးမိတဲ့ကောင်လည်း အမှားစာရင်းထဲဝင်သွားပါရော။ သူ့ဘာသာ နေသားကျနေတာတွေမို့လို့ မပြင်ရတော့ဘူးလားဗျာ။ မပြင်ကြတော့ဘူးလားဗျာ။

Tuesday, February 21, 2012

န.အ.ဖ စစ်အုပ်စု၏ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး

မန်မာနိုင်ငံရှိ တိုင်းရင်းသားပေါင်းစုံကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ်၍ လူမျိုးရေးမုန်းတီးမူကို ဖန်တီးလုပ်ဆောင်နေသော န.အ.ဖ စစ်အစိုးရသည် ဗမာနှင့် ဗမာမဟုတ်သော လူမျိုးများကြားထဲရှိ ချစ်ကြည်ရင်းနှီးမူများကို ပျက်စီး အောင်ကြံစည်ပြီး ဗမာနှင့်ဗမာမဟုတ်သော လူမျိုးများအချင်းချင်းကြားထဲတွင် နာကျည်းမူ၊ မုန်းတီးမူများ ဖြစ်ပေါ်လာအောင် တမင်တကာ လုပ်ဆောင်နေသည်။ ယခုအခါ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပျက်နေသော စစ်အစိုးရ၏ လုပ်ဆောင်ချက်များသည် ရှိထားပြီးသော ရခိုင်-ဗမာ ချစ်ခင်ရင်းနှီးမူကို ပျက်စီးအောင် ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နှင့် ရခိုင်ပြည်သူများအပေါ် ပို၍ အငြိုးထား လုပ်ဆောင် လာသည်များကို သာတွေ့ရသည်။ အတိတ်ကာလဖြစ်သော ၁၁၄၆ ခုနှစ်က ဘိုးတော်မောင်ဝိုင်း လည်း ရခိုင်ပြည်ကို စစ်မကြေညာဘဲ ၀င်ရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ရခိုင်ပြည် မြောက်ဦး ရွှေနန်းတော်ကို အစအန မမြင်ရအောင် မီးရှို့ဖျက်ဆီးလိုက်သည်။ ရခိုင်ပြည်သူ၊ပြည်သား နှစ်သန်းကျော်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပြီး ရဟန်းရှင်လူ ပညာရှိ မြောက်များစွာနှင့် ရွှေငွေရတနာ၊ ပစ္စည်းဥစ္စာများ အပါအ၀င် အဖိုးထိုက်တန်သော စာပေ၊ကျမ်းဂန် များစွာတို့ကိုလည်း တစ်ပါတည်း သိမ်းယူသွားခဲ့သည်။ ၄င်းလူမဆန်သော အဖြစ်အပျက်နှင့် အတူ အတိတ်ကို အတိတ်မှာ မထားခဲ့ဘဲ လက်ရှိအချိန် ကာလတိုင်အောင် အုပ်ချုပ်သူ ဗမာ စစ်ခေါင်းဆောင်များသည် လူမဆန်သော လုပ်ရပ်များကို ဆက်လက်ပြီး ရခိုင်ပြည်တွင် လုပ်ဆောင် နေဆဲဖြစ်သည်။ ပြီးခဲ့သော ဇူလိုင်လ ၂၇ရက်နေ့က စစ်တွေမြို့တွင် မိဘမဲ့ ကလေးငယ်များကို စောင့်ရှောက်၍ ပညာ သင်ပေးနေသော ဆရာတော် ဦးပညာစာရ ကို မိန်းမနှင့် ပတ်သက်၍ စွပ်စွဲပြီး ဟုတ်မဟုတ်ကို သေချာစွာ မစီစစ်ဘဲ ကျောင်းတိုက်မှ ဖမ်းဆီးခေါ်ဆောင်ကာ အတင်းအဓမ္မ လူဝတ်လဲစေခဲ့သည်။ ၄င်းအပြုအမူမှာ ဗုဒ္ဓ၏ ၀ိနည်းတော်နှင့် လုံးဝ ဆန့်ကျင်နေပြီး မှန်ကန်သည့်တိုင်အောင် ကာယကံရှင် ပုဂ္ဂိုလ်မှဝန်ခံပြီးမှ သာလျှင် ၄င်းအပြုအမူမျိုးကို လုပ်ပိုင်ခွင့် ရှိသည်။ မတရားသဖြင့် ဖမ်းဆီး၍ အတင်းအဓမ္မ လူဝတ် လဲစေခြင်းသည် န.အ.ဖ စစ်အစိုးရမှ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြု၍ ဗြောင်ကျကျ စော်ကားလိုက်ခြင်း ဖြစ်ပြီး ဗုဒ္ဓဘာသာကို ရိုသေကိုင်းရှိုင်းကြသော ရခိုင်ပြည်နှင့် ရခိုင်သူ၊ရခိုင်သားများကို လုံးဝ စော်ကား လိုက်ခြင်းသာ ဖြစ်ပေသည်။ ဆရာတော်ကို ဖမ်းဆီးလိုက်ပြီးနောက် န.အ.ဖ စစ်အစိုးရသည် ကျောင်းတိုက်ရှိ ဆရာတော်၏ နှစ်ပေါင်းများစွာ အချိန်ယူ၍ စုဆောင်းထားရှိသော ရခိုင်ပြည်သုံး ရှေးဟောင်း ရွှေဒင်္ဂါးများ၊ ငွေဒင်္ဂါများ ဓည၀တီခေတ်မှ မြောက်ဦးခေတ်ထိ ရခိုင်ဗုဒ္ဓရုပ်ပွားတော်နှင့် ပုံတော်များ၊ ဆေးကျမ်း၊စာစောင်များကို သိမ်းယူသွားခဲ့သည်။ ၄င်းနောက် ဆရာတော်၏ ကျောင်းတိုက်ကို သော့ပိတ်လိုက်ပြီး ကျောင်းတွင် ရှိနေကြသော မိဘမဲ့ကလေးငယ်များအားလုံးကို ခေါ်ဆောင်သွားပြီး မြန်မာနိုင်ငံအလယ်ပိုင်း မန္တလေးနှင့် မကွေးမြို့များသို့ ပို့ဆောင် လိုက်သည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို အကြောင်းမဲ့စွာ ဖမ်းဆီးပြီးအကျဉ်းချခြင်း၊ ကျောင်းတိုက်ရှိ ဘာသာရေး အမွေအနှစ်များနှင့် ရခိုင်ရိုးရာရှေးဟောင်းအမွေအနှစ်များကို မတရားသိမ်းပိုက်ယူခြင်း၊ ကျောင်းတိုက်တွင် လုံခြုံစွာနေထိုင်၍ စာပေသင်ကြားနေသော မိဘမဲ့ကလေးငယ်များကို တစ်ကွဲတစ်ပြားစီ ဖြစ်အောင် လုပ်ဆောင်ခြင်းတို့သည် ရခိုင်လူမျိုးများနှင့် ဗမာလူမျိုးများအကြား အထင်အမြင် လွဲအောင် လုပ်ဆောင်လာခြင်းပင်ဖြစ်ပြီး ရခိုင်-ဗမာ မုန်းတီးရေးကို ဖန်တီးလုပ်ဆောင် လိုက်ခြင်းပင်ဖြစ်သည်။ယခုလက်ရှိ န.အ.ဖ စစ်အစိုးရသည် အရှက် သိက္ခာကင်းမဲ့စွာဖြင့် “တိုင်းရင်းသားစည်းလုံးညီညွတ်ရေး-ဒို့အရေး” ဟုကြွေးကြော်နေပြီး အမှန်တကယ်တွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို နည်းမျိုးစုံဖြင့် ဖျက်ဆီးနေပြီး ဗမာနှင့် ဗမာမဟုတ်သော တိုင်းရင်းသားများကြား သွေးကွဲ မုန်းတီးမူ ဖြစ်ပေါ်လာစေရေးကို ဦးတည် လုပ်ဆောင် နေခြင်းသာဖြစ်သည်။ မြန်မာနိုင်ငံရှိ ရှမ်း၊ကချင်၊ကရင် အပါအ၀င် တိုင်းရင်းသား လူမျိုး များသည် မိမိတို့၏ နေရပ်ဒေသများတွင် နေထိုင်၍ ကောင်းမွန်စွာ လုပ်ကိုင်စားသောက် နေထိုင်ရခြင်း မရှိဘဲ ရွာပြေး၊ ရွာရှောင် ဘ၀များဖြင့် န.အ.ဖ စစ်အစိုးရ၏ ဖိနှပ်ရက်စက်မူများကို တိမ်းရှောင်၍လွတ်မြောက်ရာ ဒေသများတွင် နေထိုင်နေကြရသည်။ လူငယ် အများစုသည်လည်း မိမိတို့၏ နေရာဒေသများတွင် ပညာသင်ကြားခွင့်၊ အလုပ် လုပ်ကိုင်နိုင်ခွင့်တို့ ဆုံးရှုံး၍ အိမ်နီးနားချင်း နိုင်ငံများတွင်ဆင်းရဲ ပင်ပန်းစွာဖြင့် အနိုင်ကျင့်ခံ၊ အောက်ကျို့ခံ၍ နေထိုင် လုပ်ကိုင်နေကြရသည်မှာ န.အ.ဖ စစ်အစိုးရ၏ လူမဆန်သော ရက်စက် ယုတ်မာမူများကြောင့် ဖြစ်ပေါ်လာသော အကျိုးဆက်များပင် ဖြစ်သည်။ န.အ.ဖ စစ်အစိုးရသည် တစ်ဘက်တွင် နိုင်ငံတကာက အမြင်ကောင်းအောင် အတွက် ရွေးကောက်ပွဲ ကျင်းပပြီး ဒီမိုကရေစီ စနစ်ကို ဖေါ်ဆောင်မည်ဟု အသံကောင်းဟစ်၍ တစ်ခြား တစ်ဘက်တွင်ကား ပြည်သူ လူထုတို့၏ အသက်၊အိုးအိမ်၊ စည်းစိမ် ဥစ္စာတို့ကို မတရားသဖြင့် သိမ်းယူ ဖျက်ဆီးပြီး ၄င်းတို့ အာဏာတည်မြဲရေးနှင့် စစ်တပ် အခန်းကဏ္ဍကြီးမား လာစေရေးကိုသာ ဆောင်ရွက်နေသည်။ ဘာသာရေးကိုလည်း မထီမဲ့မြင်ပြု၍ နိုင်ငံတကာ အလယ်တွင် မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာကိုးကွယ် ယုံကြည်မူကို အရှက်ရအောင် လုပ်ပြခဲ့ခြင်းဖြစ်သည်။ ယခုလည်း အကြောင်းမဲ့စွာဖြင့် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး တစ်ပါးကို မတရား ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်ကာ အကျဉ်းချ နိုင်ရန် အတွက် ကြံစည်နေခြင်းဖြစ်သည်။ သို့ဖြစ်ပါ၍ ကမ္ဘာ့တိုင်းပြည်အသီးသီးတွင် ရောက်ရှိနေကြသော ရခိုင်သူ၊ ရခိုင်သားများ အနေဖြင့် သွေးစည်း ညီညွတ်မူရှိ၍ လက်ရှိရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော အဖြစ်အပျက်များကို တားဆီး ကာကွယ်နိုင်ဖို့ အတွက် အားထုတ် ကြိုးပမ်းကြရန် အလွန်အရေးကြီးနေပြီ ဖြစ်ပေသည်။ ချစ်ကြည်ညီညွတ်ရေးကိုတည်ဆောက်ပြီး မိမိတို့ ရည်မှန်းထားသော ပန်းတိုင်ကို ၀ိုင်းဝန်းလုပ်ဆောင်ကြပါလို့ တိုက်တွန်း လိုက်သည်။ ညီညွတ်မူရှိလျှင် အောင်မြင်ရမည်။ အားလုံးတိုင်းရင်းသား ပေါင်းစုံ ညီညွတ်မူနှင့် တိုက်ပွဲဝင်ပြီး အောင်ပွဲခံနိုင်ကြပါစေ ။

ဦးသုမန